စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ဒီမိုကရေစီကို အလွဲသုံးစားလုပ်၍ ပြည်သူကို လှည့်ဖြားသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး (KYO) က ယနေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ဝိုင်းဝန်းတိုက်ဖျက်တားဆီးကြရန်လည်း KYO က တိုက်တွန်းထားသည်။
KYO ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်သည် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ် တည်တံ့စေရန်အတွက် ရွေးကောက်ပွဲကို အသုံးချခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်အပါအဝင် ခေတ်အဆက်ဆက် အုပ်စိုးသူများသည် ပြည်သူလူထု၏ ဘဝလုံခြုံမှုကို တာဝန်မခံဘဲ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟုလည်း ပါရှိသည်။ ထို့အပြင် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကဲ့သို့ အရပ်သားပိုင် အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိစစ်ကော်မရှင်သည် ၁၉၄၉ ခုနှစ်တွင် ကရင်လူမျိုးများ စတင်တော်လှန်ခဲ့ရသည့် ဖဆပလအစိုးရမှစ၍ ခေတ်အဆက်ဆက် ပြည်သူများကို ဖိနှိပ်သွေးစုပ်ခဲ့သော စစ်ဗျူရိုကရက်ဓနရှင်အုပ်စုမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု KYO က သုံးသပ်ထားသည်။
လွတ်လပ်ရေးရပြီးချိန်မှစ၍ အုပ်စိုးသူအဆက်ဆက်သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို မျက်ကွယ်ပြုခဲ့သည်မှာ ၇၇ နှစ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် ပြည်သူလူထုကို ပိုမိုဆိုးရွားသည့် ဒုက္ခဆင်းရဲနှင့် ဖိနှိပ်မှုများ ရင်ဆိုင်စေရန် တွန်းပို့သည့် အာဏာရှင်စနစ်ကို အားပေးရာရောက်မည်ဖြစ်ပြီး သမိုင်းတရားခံအဖြစ် ကျန်ရစ်မည်ဖြစ်ကြောင်း KYO က သတိပေးထားသည်။
ထို့ကြောင့် ကရင်လူငယ်အစည်းအရုံးအနေဖြင့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ငန်းများကို ကရင်လူငယ်ထုများ၊ မဟာမိတ်လူမျိုးစုလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တော်လှန်တိုက်ဖျက်သွားမည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။
#စစ်ကော်မရှင် #အတုအယောင်ရွေးကောက်ပွဲ #ဝိုင်းဝန်းတိုက်ဖျက် #ကရင်လူငယ်အစည်းအရုံး #ThanLwinKhetNews