ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုးလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်မှ ပြန်လည်သိမ်းပိုက်ထားသည့် သင်္ကန်းညီနောင် ခြေမြန်တပ်ရင်း ခမရ – ၃၅၅၊ ၃၅၆၊ ဗဟိုကင်းများ လက်ခတ်တောင်သို့တဆင့် လေးကေ့ကော်မြို့သို့ ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၎င်းက “ကျတော်တို့တွေ ထိတွေ့မှုတောင် မဖြစ်သေးဘူး။ သူတို့က လက်နက်ကြီးပဲ ထုတာ။ တိုက်ပွဲလူချင်း မထိတွေ့သေးဘူး။ သူတို့က လေးကေ့ကော်အစပ်နဲ့ ထီးမယ်ဝါးခီးရွာအစပ်တွေကိုချဉ်းကပ်လာပြီ။ ရောက်တော့ မရောက်သေးဘူး” ဟုဆိုသည်။
ယမန်နေ့မှာ စစ်တပ်ဘက်မှ ကာမီကာဇေဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးသည့်အပြင် ယနေ့တွင်လည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိသော်လည်း ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးပေ။ ထို့အပြင် ယနေ့တွင် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသည်။
ယခုလက်ရှိအချိန်အထိ လေးကေ့ကော်မြို့ကို စစ်တပ်ဘက်မှ ပြန်လည်သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသည်မှာသတင်းအမှားသာဖြစ်သည်ဟု မြေပြင်ရဲဘော်များက ဆိုသည်။
လေးကေ့ကော်နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံ ၂၇၀၀ ကျော်သည် စစ်တပ်ဘက်မှ သင်္ကန်းညီနောင်မြို့သို့ ရောက်ရှိလာသည့် အချိန်မှစပြီး ကြိုတင် စစ်ဘေးတိမ်းရှောင်ထားကြသည်။
စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် သင်္ကန်းညီနောင်မြို့သို့ ပြန်လည်ရောက်ရှိကာ စက်တင်ဘာ ၅ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။