စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့အား ထိုးစစ်ဆင်ပြီး ၅ ရက်အကြာတွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု အမှတ် ၁ စစ်ဒေသမှ သတင်းထုတ်ပြန်လိုက်သည်။
စစ်တပ် စိုးမိုးထားသည့် ဗန်းမောက်မြို့အား စက်တင်ဘာ ၁၅ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ စတင်ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ရဉ်ထွန်း ဦးစီးသည့် ရှမ်းနီအမျိုးသားတပ် SNA ၏ တပ်မဟာ ၆၁၄၊ ၉၇၂၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့် အခြေချနေထိုင်သည့် မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နသလ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှ ဗုံး ၁၀ ကြိမ်ကြဲခဲ့ပြီး ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်းတွင် G-3 နှစ်လက်၊ Uzi တစ်လက်၊ AK တစ်လက်၊ ကျည်မျိုးစုံ ၁၂၈၇၆ တောင့်၊ ၁၂၀ မမ ဗုံးသီး ၂၈ လုံး၊ ၈၁ မမ ဗုံးသီး ခုနစ်လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ ၁၀၀ လုံး၊ RPG တစ်လုံး၊ မျက်ရည်ယို ဗုံးသီး ၈၃ လုံး၊ 9 Volt ကျည် ၇၀၂ တောင့်၊ အီနာဂါဗုံးသီး ၅၁ လုံး၊ နင်းမိုင်း သုံးလုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ခုနစ်လုံး၊ ၉ မမ ကာဘိုင်ကျည် ၁၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် စစ်ကောင်စီဘက်မှ ကူတိုက်ပေးနေသည့် SNA ဗိုလ် ၁ ဦးအပါ စစ်သား ခုနစ်ဦး၏ အလောင်းအား ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲအား အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် ၁ စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ တို့မှ ဒရုန်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန်းမောက်မြို့ မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာကို ဆုတ်ခွာသွားသည်ဟု သိရသည်။