မြန်မာပြည်သူများကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သက်တမ်းကို ဆက်လက်အသိအမှတ်ပြုရန်နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံတကာမှ ပိုမိုဖိအားပေးရန် တောင်းဆိုသည့် အင်အားပြချီတက်ပွဲကြီးကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသား များစွာက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် စက်တင်ဘာလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
“Global Action for Credential Campaign 2025″တစ်ရပ်အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါအခမ်းအနားသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်တက်ရောက်ခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ကလည်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများက သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာပြည်သူများ၏ စစ်မှန်သောကိုယ်စားလှယ်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကော်မရှင်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိအမှတ်မပြုဘဲ ပယ်ကျဉ်ထားရန်နှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဝိုင်းဝန်းကူညီကြရန် တောင်းဆိုခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသူများသည် ကုလသမဂ္ဂဌာနချုပ်ရှေ့မှ နယူးယောက်မြို့လယ် တိုင်းမ်စကွဲရင်ပြင် (Time Square) အနီးအထိ ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်လမ်းလျှောက်ခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်တက်ရောက်ခဲ့သည့် ဤလှုပ်ရှားမှုကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ – Kyaw Soe Latt














