တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပယကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်၏ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု NMSP-AD/Ramonnya Mon Armyက သတင်းထုတ်ပြန်သည်။
အင်အား ၆၀ ခန့်ရှိ အဆိုပါဂိတ်စခန်းကို စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၆ နာရီခန့်တွင် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ တိုက်ပွဲအပြီးတွင် အနီးအနားရှိ ခလရ (၂၇၃) တပ်ရင်းမှ စစ်ကားလေးစီးဖြင့် အင်အားများ ထပ်မံရောက်ရှိလာပြီး စခန်းတွင် အင်အားဖြည့်တင်းခဲ့သည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် အရပ်သားပြည်သူ နှစ်ဦးတို့တွင် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1၊ ရေဖြူမြို့နယ် ပ.က.ဖ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဗထူးတပ်မတော် (B.H.A) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံ – NMSP-AD/Ramonnya Mon Army