အာဏာသိမ်းစစ်ကောင်စီက လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အောင်မြင်စေရန်အတွက် စစ်ကော်မရှင်တပ်နှင့် လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် မူလ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် အဆိုပါအဖွဲ့သည် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကို တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် တတ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် အခက်အခဲများကြားမှ စစ်ကောင်စီဘက်တွင် အစဉ်တစိုက် ခိုင်မာစွာရပ်တည်ခဲ့သည်ဟု ဆိုပြီး တော်လှန်ရေးတွင် ပါဝင်နေသည့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း တိုက်ပွဲများရပ်တန့်ကာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည်။
ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သော DKBA အဖွဲ့သည် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသမှ ဆရာတော် ဘဒ္ဒန္တနန္ဒသာရ၏ ဩဝါဒကို ခံယူသည့်အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် နီးကပ်သောဆက်ဆံရေး ဆက်လက်ထူထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဓါတ်ပုံ – ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ
#စစ်ကောင်စီ၏ရွေးကောက်ပွဲ #DKBAအဖွဲ့ #ThanLwinKhetNews
