ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၏ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် ARSA နှင့် RSO အဖွဲ့များက ဒေသခံမဟုတ်သူများကို ပစ်မှတ်ထား၍ ပြန်ပေးဆွဲ သတ်ဖြတ်မှုများ ပြုလုပ်နေသောကြောင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
AA ၏ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေချိန်ကို အခွင့်ကောင်းယူ၍ ARSA နှင့် RSO အဖွဲ့များက နယ်စပ်မှတစ်ဆင့် ခိုးဝင်ပြီးနောက် တောတောင်များအတွင်း သွားလာနေသော မူဆလင်မဟုတ်သူများအား ချောင်းမြောင်းတိုက်ခိုက်နေသည်ဟု AA က ဆိုသည်။
မြေပြင်တွင် ရခိုင်သာမက အာရက္ခတပ်တော်ထံတွင် တာဝန်ထမ်းဆောင်နေသည့် မည်သူကိုမဆို အာဆာများက အဓိက ပစ်မှတ်ထားနေသည်ဟု အသက် ၂၅ နှစ်အရွယ် မောင်တောဒေသခံ တစ်ဦးကဆိုသည်။
” ရခိုင်သားတွေကပိုပြီး စိုးရိမ်ရတာပေါ့လေ။ မြေပြင်မှာတော့ အကုန်လုံးက သတိနဲ့ နေနေရတာပါ။ အခုက ပိုပြီး အန္တာရာယ်များလာတယ်။ အကုန်လုံး ဂရုစိုက်နေရပါတယ်”ဟု ဆိုသည်။
ထို့အပြင် အာဆာ အဖွဲ့များသည် AA နှင့် တိုက်ပွဲဖြစ်ပွားနေသယောင် တိုက်ပွဲအတုများဖန်တီးခြင်း၊ AA ယူနီဖောင်းများ ဝတ်ဆင်ကာ ဝါဒဖြန့်ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်းများလည်း ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေအနေများကြောင့် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်မည်ဖြစ်ရာ ဒေသခံများအနေဖြင့် လူသူပြတ်လပ်သောနေရာများသို့ တစ်ဦးတည်းသွားလာခြင်း ရှောင်ကြဉ်ရန်နှင့် အရေးကြီးကိစ္စများအတွက် ခရီးသွားလာပါက နီးစပ်ရာ AA အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့များထံ အသိပေးသွားလာကြရန် တိုက်တွန်းထားသည်။
ဓါတ်ပုံ – အာရက္ခတပ်တော်တွင် တာဝန်ထမ်းဆောင်နေသော မူဆလင်တပ်ဖွဲ့ဝင်များ(သံလွင်ခက်)
***********
(သံလွင်ခက်အားငွေကြေးမလှူပါနှင့်။ သတင်းပြန့်နှံ့ရန်သာ ကူညီပါ)
ဆိုလိုသည်မှာ၊ ကျွန်ုပ်တို့ တင်ဆက်သော သတင်းများအပေါ် ပရိသတ်များ၏ အားပေးမှု (React)၊ ဆွေးနွေးမှု (Comment) နှင့် မျှဝေမှု (Share) တိုင်းသည် ကျွန်ုပ်တို့ သတင်းဌာနအတွက် Facebook မှ ချီးမြှင့်သော ငွေကြေးအထောက်အပံ့ အနည်းငယ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အားပေးမှုတိုင်းသည် သတင်းများ၊ စစ်တပ်ဖုံးကွယ်ထားသော အမှန်တရားများကို လူအများဆီ ရောက်ရှိစေရုံသာမက၊ ကျွန်ုပ်တို့၏ သတင်းလုပ်ငန်း လည်ပတ်နိုင်ရေးနှင့် မြေပြင်သတင်းထောက်များ၏ လုံခြုံရေးကိုပါ တိုက်ရိုက်ကူညီထောက်ပံ့ရာ ရောက်ရှိသွားမည် ဖြစ်ပါသည်။
#ARSA #RSO #AA #လုံခြုံရေးတိုးမြှင့် #ThanLwinKhetNews