ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်စပ်ဒေသရှိ ပြည်သူများအနေဖြင့် တောတောင်များနှင့် လူသူပြတ်လပ်သောနေရာများသို့ တစ်ဦးတည်း သို့မဟုတ် လူအနည်းစုဖြင့် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် အာရက္ခတပ်တော် (AA) က ယမန်နေ့က သတိပေးချက်ထုတ်ပြန်သည်။
ARSA နှင့် RSO အဖွဲ့များက နယ်စပ်မှ စိမ့်ဝင်လာပြီး ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာသော ဒေသခံများအနက် မွတ်ဆလင်မဟုတ်သူများကို ပစ်မှတ်ထား ချောင်းမြောင်းပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း မောင်တောမြို့နယ်၊ တောင်ပြိုဖက်တွင် ARSO နှင့် အာဆာ၏ ခြောင်းမြောင်းသတ်ဖြတ်မှုများမှာ ဆက်တိုက်ကဲ့သို့ ရှိလာနေပြီး စိုးရိမ်မူများရှိနေသည်ဟု မောင်တော ၄မိုင်ရပ်ကွက်နေ မူဆလင်လူမျိုးတစ်ဦးက ပြောသည်။
” သူတို့က စီးပွားရေးလုပ်တဲ့ လူတွေကို ပစ်မှတ်ထားပါတယ်။ ငါးရှာသွားတဲ့ လူတွေပေါ့။ တောင်ပြိုဖက်က လူပြတ်တဲ့နေရာတွေမှာ မကြာခဏ သတ်ဖြတ်ခံရတာရှိတယ်။ အရင်ကလည်း အခုလိုမျိုးတွေရှိတယ်။ အခုကလည်း ဆက်တိုက်ရှိလာတာပါ” ဟု ဆိုသည်။
AA ၏ ထုတ်ပြန်ချက်အရ အဆိုပါအဖွဲ့များ၏ ရန်ကို ကာကွယ်ရန် နယ်စပ်တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ချထားမည်ဖြစ်ပြီး ပြည်သူများကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်း တိုက်တွန်းထားသည်။
မဖြစ်မနေ သွားလာရန်လိုအပ်ပါက (ဥပမာ-ကျန်းမာရေးကိစ္စ) မိမိတို့နှင့် အနီးဆုံးရှိ အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ပြီးမှသာ သွားလာကြရန်လည်း AAက အလေးအနက် အသိပေးထားသည်။
ဓါတ်ပုံ – မောင်တောဒေသတွင်နေထိုင်သော ဒေသခံများ