ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာ၌ အောင်မြင်စွာ ကျင်းပခဲ့သည်ဟု MDY-PDF က စက်တင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အဓိကမဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ နိုင်ငံရေးမှူးနှင့် အခြားဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
တက်ရောက်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့များတွင် မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့အပြင် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)မှ တာဝန်ရှိသူများ၊ ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်ခဲ့ပြီး သင်တန်းဆင်းရဲဘော်သစ်များကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်တန်းကာလအတွင်း ရဲဘော်များအား အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်၊ နိုင်ငံရေးအသိပညာနှင့် ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ သင်ခန်းစာများကို လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ကတိပြု ပြောကြားထားသည်။
ဓါတ်ပုံ – MDY-PDF
#MDYPDFစစ်သင်တန်းဆင်းပွဲ #NUGကာကွယ်ရေးတာဝန်ရှိသူများ #BPLA #ThanLwinKhetNews