ခင်သရဖီဦး
(၂)နှစ်နီးပါးခန့်ကြာ မိမိနေရပ်သို့ မပြန်နိုင်သေးသည့် ပေါက်တော ဒေသခံများမှာ အလုပ်အကိုင်အ ခွင့်အလမ်းရှားပါးသည့်အပြင် ပြင်ပအဖွဲ့အစည်းများထံမှ အလှူငွေ ရရှိမှုနည်းပါးခြင်းကြောင်း စားဝတ်နေရေး ကြပ်တည်းလာပြီး အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ် မေလအထိ အထောက်အပံ့အနည်းငယ်ရရှိခဲ့သော်လည်း နောက်ထပ်ပြင်ပ အကူအညီရရှိမှုမှာ လုံးဝနည်းသွားသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ ရှိနေသည်ဟု ပေါက်တောရှိ ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်နေသည့်အသက် ( ၅၀)နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးကဆိုသည်။
” သင်္ကြန်မတိုင်မှီက တစ်ခေါက် ကယ်ဆယ်ရေးရတာရှိတယ်။ နောက်ထပ်က မရတော့ဘူး။ အရင်ကဆိုရင် ရွာလူကြီးတွေက ဆန်ထောက်ပံ့ပေးတာရှိခဲ့တယ်။အခုက ဆန်လည်းမရ။ ဆီလည်းမရဘူး။ ပြင်ပအကူအညီတွေလည်း တစ်ခုမှ မရတော့ဘူး။ ကျနော်တို့က အခု စားဝတ်နေရေးအတွက် အကူအညီတွေလိုနေပါတယ်။ ” ဟု ဆိုသည်။
ထို့အပြင် တချို့စစ်ဘေးရှောင်များမှာ မိမိတို့ထံတွင် ပါလာသည့် ပစ္စည်းများအား ပေါင်နှံ့စားသောက်နေရခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းများကြောင့် အလှူခံပြီး စားသောက်နေကြရသည်ဟု ပေါက်တောမြို့မှ စစ်ဘေးရှောင်လာသူ အသက် (၃၉)နှစ်အရွယ် မိခင် တစ်ဦးက ဆိုသည်။
” အရင်က အလှူငွေရရင် နည်းနည်းစီး ကိုယ့်ရှာလိုရတာနဲ့ မျှစားတယ်။အခုက အလုပ်မရှိတဲ့နေ့ကျ အငတ်နေရမလို ဖြစ်နေတယ်။ ကိုယ့်က ထမင်းတနပ်နှစ်နပ်ကို အငတ်ခံနိုင်တယ်ဆိုပေမဲ့ ကလေးတွေက မခံနိုင်ဘူး။ မုန့်မစားရရင်တောင် ငိုတယ်။အိမ်က ပြေးလာတဲ့ အခါပါတဲ့ ရွှေတွေလည်း ကုန်သွားပြီး။ အခုက ကျမက တခြားအလုပ်လည်း အရင်းအနှီးမရှိတော့ မလုပ်နိုင်။ အလုပ်ရှာမရလို့ အလှူခံစားရတယ်။ ” ဟု ဆိုသည်။
ပေါက်တောမြို့တွင် နေထိုင်သူများသည် မြို့အနီးက ဘေးကင်းသည့် ကျေးရွာများရှိ ဆွေမျိုးများနေအိမ်တွင် နေထိုင်နေကြခြင်းဖြစ်သည်။
လက်ရှိ ရခိုင်တွင် စစ်ဘေးရှောင်စုစုပေါင်း ၆သိန်းကျော်ထိ ရှိသည်ဟု ပြီးခဲ့သည့် ၂၀၂၅ခုနှစ် မတ်လ အတွင်းက လူသားချင်စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံ HDCO က ထုတ်ပြန်ထားသည်။
HDCO မှ မြို့နယ် အများအပြားတွင် လိုအပ်သည့် အကူအညီပေးများ ပေးလျှက်ရှိနေသော်လည်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်။