ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဖားအံခရိုင်အတွင်း၌ ဖမ်းဆီးရမိထားသည့် ကာလတန်ဖိုး ထိုင်းဘတ် ၃၀၅.၉ သန်း (သိန်းပေါင်း ၃,၀၅၉) ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြား စုစုပေါင်း ၆,၁၁၇,၉၀၁ လုံးကို ယနေ့၊ စက်တင်ဘာလ ၁၉ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
အဆိုပါ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို KNU တပ်မဟာ (၇) ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး KNU ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့က ပူးပေါင်းဦးဆောင်ခဲ့သည်။
အခမ်းအနားသို့ KNU ဗဟို စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး အပါအဝင် KNLA နှင့် KNPF မှ အရာရှိကြီးများ၊ ကရင်လူငယ်အစည်းအရုံးနှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါမူးယစ်ဆေးဝါးများသည် (၁) တနေးချား(နဘူး)မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၁၀၁)မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ၁၂၀,၀၀၀ ပြား (၂) သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၇) ရက်၊ နံနက် (၇:၄၅) မိနစ်အချိန်၌ မူယူထာဒေသ တွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ပေါင်း(၅,၉၉၀,၀၀၀) ပြားနှင့် (၃) ၂၀၂၅ ခုနှစ် မေလအတွင်း တာကရယ်(ပိုင်ကျုံ) မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း (၁၉) မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (WY)ဆေးပြား (၇,၉၀၁) ပြား တို့ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ ကို ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
KNU သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် လက်တွဲဆောင်ရွက်နေပြီး ယခုဖျက်ဆီးမှုမပြုလုပ်မီတွင်လည်း ဖိတ်ခေါ်ထားသည့် ထိုင်းတာဝန်ရှိသူများက မူးယစ်ဆေးဝါးများကို စစ်ဆေးအတည်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ကုန်ကူးခြင်းနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုလည်း အစဉ်တစိုက် ဖျက်ဆီးလျက်ရှိကြောင်း KNU က အသိပေးထားသည်။
ဓါတ်ပုံ – KNLA