မကွေးတိုင်းထဲက သရက်အကျဉ်းထောင်တွင် အရေးပေါ် ဖြစ်နေသည့် လူနာ တစ်ဦးအား လူကြီးလမ်းကြောင်းရှိ သောကြောင့် အချိန်မှီ ဆေးကုသခွင့်မရ၍ စက်တင်ဘာ ၁၇ ရက်တွင် သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ထုတ်ပြန်သည်။
သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်သည် စက်တင်ဘာ ၁၃ ရက်မှစတင်၍ အသက်ရှုကြပ် သည့် ဝေဒနာကို ခံစားရသောကြောင့် ထောင်တွင်း ဆေးရုံသို့ သွားရောက်ကုသခဲ့သည်။
ထောင်တွင်းဆေးရုံတွင် လိုအပ်သည့် အောက်စီဂျင်အပါအဝင် ကုသရေးပစ္စည်းများ လုံလောက်စွာမရှိသောကြောင့် ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသရန် စက်တင်ဘာ ၁၄ ရက်တွင် ထောင်ဆရာဝန်မှ ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
သို့သော် ထောင်အာဏာပိုင်များမှ ညွှန်မှူးလမ်းကြောင်းရှိသောကြောင့် ကုသခွင့်မပေးဘဲ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသည့် စက်တင်ဘာ ၁၅ ရက်ရောက်မှသာ ပြင်ပ ဆေးရုံသို့ ပြောင်းရွှေ့ကုသခွင့်ပေးခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ပြင်ပဆေးရုံတွင် ဆေးကုသခွင့်ပြုခဲ့သော်လည်း အချိန်မှီကုသခွင့်မရရှိခဲ့ခြင်းကြောင်း စက်တင်ဘာ ၁၇ ရက် ညနေတွင် သေဆုံးသွားသည်ဟု သိရသည်။
“ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ သေဆုံးတာ ထောင်တွင်း ညှင်းပန်းနှိပ်စက်လို့ သေဆုံးတာ စစ်ကြောရေးကို ပြန်လည်ခေါ်ယူပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးတာ ထောင်အပြောင်းမှာပဲ လမ်းမှာ သေဆုံးတဲ့ ဖြစ်စဉ်တွေရှိပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးမှ ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ ဩဂုတ် အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံရမှုကြောင့် အကျဉ်းထောင်ထဲမှာ သေဆုံးသူ ၁၈၀၀ ကျော်ရှိသည်ဟု ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က ထုတ်ပြန်ထားသည်။
စစ်ကောင်စီကို ဆန့်ကျင့်သောကြောင့် လက်ရှိအချိန်ထိ အကျဉ်းကျခံနေရသူ ၁၁၀၀၀ ရှိပြီး ထိန်းသိမ်းခံထားရသူ ၂၂၄၀၀ ကျော် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းများ အရ သိရသည်။
#သရက်ထောင် #ဆေးကုသခွင့်မရ #နိုင်ကျဉ်းတစ်ဦးသေဆုံး #ThanLwinKhetNews