၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ကန်ချနပူရီပြည်နယ်၊ ထောင်းဖဖုမ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် ကလေးငယ် ၂ ဦး ပါဝင်သည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးမှာ အလုပ်ရှာရန်အတွက် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။ ၎င်းတို့အား ကန်ချနပူရီမြို့နယ်ရှိ ချိန်းဆိုထားသည့် နေရာတွင် နောက်ထပ်ကားတစ်စီးဖြင့် လာရောက်ခေါ်ယူကာ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ အထူးစစ်ဆင်ရေးအဖွဲ့၊ အုပ်ချုပ်ရေးဌာနနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ သယ်ယူပို့ဆောင်မှုသတင်းရရှိပြီးနောက် အာဏာပိုင်များက ကင်းလှည့်ခဲ့ရာ ဆန်ခလပူရီမြို့နယ်မှ ကန်ချနပူရီမြို့နယ်သို့ ဦးတည်လာသည့် သံသယဖြစ်ဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့သည်ဟု သိရသည်။
ထိုဗင်ကားအား ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ယာဉ်မောင်းက ထွက်ပြေးခဲ့သောကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ဝပ်သာခနွန်ဘုန်းကြီးကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဗင်ကားများကို မောင်းနှင်းလာသော ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံပစ္စည်းများအားလုံးကို ထောင်းဖဖုမ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟုလည်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။