စစ်တပ် အာဏာစသိမ်းချိန်မှ စက်တင်ဘာ ၁၅ ရက်အထိ ငါးနှစ်နီးပါးအတွင်း စစ်ကောင်စီ၏ မတရား သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ စုစုပေါင်း ၇၂၅၇ ဦးအထိ သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ညသန်းခေါင်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းအား စစ်ကောင်စီမှ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းကြောင့် ကျောင်းနေအရွယ် ကလေး ၂၀ ကျော် သေဆုံးခဲ့ရသည်။
“အပြစ်မဲ့တဲ့ ကလေးတွေပါ။ အိပ်နေတဲ့ အချိန်မှာ ဗုံးချရဲတယ်။ ဘယ်လို့ စိတ်နဲ့တောင် ဖြေရမလဲ မသိဘူး။ ပြည်သူတွေလည်း ကျီးလန့်စာစားနေရတယ်။ ကျောက်တော်နဲ့ မြောက်ဦးဘက်မှာက အမြဲတမ်း လေယာဉ်ဝဲနေတာ” ဟု မြောက်ဦးမြို့နယ်တွင် နေထိုင်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ထို့အပြင် စက်တင်ဘာ ၁၃ ရက်ကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ် အင်ကြင်းမြိုင်ရွာအနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုရင်နှင့် သီလရင်အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့ တစ်ရက်တည်းတွင်ပင် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ငါးနှစ်နီးပါးအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဆန္ဒဖော်ထုတ်သူ စုစုပေါင်း ၂၉၆၀၀ ကျော်အား ဖမ်းဆီးခဲ့သည်။ ထိုထဲမှ ၂၂၄၀၀ မှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး ၁၁၀၀၀ ကျော်မှာ ထောက်ဒဏ်ချမှတ်ခံထားရဆဲ ဖြစ်သည်။ အကျဉ်းကျခံနေရသူများအားလည်း အကျဉ်းသားအခွင့်အရေးများ ပေါ်ပေါ်တင်တင် ချိုးဖောက်ကာ ထောင်ပိုင်များမှ မတရားငွေကြေးတောင်းခံခြင်းနှင့် မတရား ညှင်းပန်းနှိပ်စက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အကျဥ်းထောင်ထဲမှာက သိတဲ့အတိုင်းပဲ အင်းစိန်ထောင်ဆိုတော့ ဝင်ဝင်ချင်း အကြမ်းဖက်ပုဒ်မတို့၊ နိုင်ငံရေးပုဒ်မတို့ဆို မမေးမစမ်းဘဲ ရိုက်ပြီးသားပဲ။ လူကြီးလမ်းကြောင်းနေ့ဆို ထမင်းတောင်မစားရဘူး။ အဲဒီလူကြီး လာစစ်တာကို စောင့်နေရတာ။ ဒါကြောင့် အကျဥ်းသားအားလုံးက ဘယ်လူကြီးမှ မလာလေ ကောင်းလေးပဲ ဖြစ်စေချင်ကြတာ” ဟု ထောင်ထဲ ကြုံခဲ့ရသည့် အခြေအနေကို အကျဉ်းကျခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီး အဆောင်ရှိ အခန်းကျဉ်း တစ်ခုထဲတွင် အကျဉ်းသူများအား စုပြုံထားသောကြောင့် အရေးပြားရောဂါများ ဖြစ်ပွားနေသော်လည်း လုံလောက်စွာ ဆေးကုသခွင့်မရခြင်းများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။
သာယာဝတီအကျဉ်းထောင်တွင်လည်း အကျဉ်းသားများအား သောက်သုံးရေနှင့် ချိုးရေ လုံလောက်စွာ မရရှိခြင်းနှင့် နေရာထိုင်ခင်း ကျပ်တည်းခြင်းများကြောင့် ကူးစက်ရောဂါများ ဆိုးရွားစွာ ခံစားနေရသော်လည်း ဆေးကုသခွင့် လုံလုံလောက်လောက် မရရှိခြင်းများ ကြုံတွေ့နေရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။