ကရင်ပြည်နယ်၊ ကော့ကရိတ် မြဝတီအာရှလမ်းပိုင်းတိုက်ပွဲနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် မဲပေးသည့် မဲဆန္ဒရှင်များအား အကာအကွယ်ပေးမည်ဟု ကရင်အမျိုးသားတပ်မတော် – KNA အမည်ပြောင်း BGF က ထုတ်ပြန်မှုအပေါ် KNA ဟာ ယုံကြည်မရကြောင်း ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
၎င်းက “သူတို့တပ်ဖွဲ့တွေက လက်ရှိအနေအထားအရ သတင်းရရှိမှုအရပေါ့လေ၊ အောင်ဇေယျစစ်ကြောင်းမှာပေါ့ စစ်ကော်မရှင်အဖွဲ့နဲ့ ဝိုင်းပြီးတော့ တိုက်ခိုက်ပေးတဲ့အပေါ်မှာပေါ့လေ ဒါက ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီဘက်ကနေ လုံးလုံးပါဝင်နေတာပဲ။ KNU ဘက်မှာ လုံးဝပါတာမရှိဘူး။ ကျွန်တော်တစ်ယောက်တည်းအမြင်ပေါ့လေ။ တစ်ဖက်ကနေ KNU ကို ကြိုးကိုင်ပြီးတော့ ချော့သိပ်ပြီးတော့ပေါ့လေ။ တစ်ဖက်က စစ်ကောင်စီသဘောကျအောင် လုပ်ပေးနေတဲ့ သဘောမျိုးပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တစ်ယောက်တည်း အမြင်နဲ့ကတော့ ဒီအဖွဲ့အစည်းကို ယုံလို့မရဘူးပေါ့နော်” ဟု ပြောသည်။
စစ်တပ်က အာရှလမ်းပြန်လည်ထိန်းချုပ်နိုင်မှုအပါအဝင် စစ်ရေးအရ အရေးပါသည့် လက်ခတ်တောင်အထိ ထိုးစစ်ဆင်ရောက်ရှိလာခြင်းသည် BGF အကူအညီပါဝင်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
သို့ပေမယ့်လည်း KNA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က လက်ရှိထွက်ပေါ်နေသည့် စစ်တပ်ကို ကူညီပေးသည့် သတင်းသည် သတင်းအမှားဖြစ်ကြောင်း သတင်းဌာနတချို့ကို ဖြေကြား ထားသည်။
စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွင်း မဲပေးထောက်ခံသည့် မဲဆန္ဒရှင်များအား အကာအကွယ်ပေးမည်ဟု ကရင်အမျိုးသားတပ်မတော် – KNA အမည်ပြောင်း BGF က စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ ရွေးကောက်ပွဲကို အကူအညီပေးမည့် KNA ၏ ထုတ်ပြန်ချက်သည် စစ်တပ်ကို လိုလိုလားလား ထောက်ခံသည့် သဘောဖြစ်သည်ဟု တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုသည်။
၎င်းက “အခုလက်ရှိအနေအထားမှာလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း သူက အကာအကွယ်ပေးမယ်။ စစ်ကောင်စီကို လိုလိုလားလား ထောက်ခံအားပေးတဲ့ သဘောပေါ့။ ဒီ BGF နဲ့ ပတ်သက်တာကတော့ နှစ်ဖက်ခွသဘောမျိုးလေ။ သာယာသာယာကိုပဲ သူတို့က ကြည့်ပြီးတော့မှ ဒီ (နအဖ) စစ်ကောင်စီဘက်ကနေ သာလို့ရှိရင်တော့ စစ်ကောင်စီဘက်ကိုပဲ ပါတယ်။ KNU ဘက်က သာမယ်ဆိုလို့ရှိရင်တော့ KNU ဘက်ကို ပါမယ်။ အခုကတော့ သူက ခွပြီး ချက်တာလားပေါ့နော်။ စစ်ကောင်စီကိုလည်း သူနဲ့ မလွတ်ဘူး။ KNU နဲ့လည်း သူ သေသေချာချာ မပေါင်းဘူး။ သူက ကြားမှာ နေပြီးတော့ ခွပြီးနေတာ။ ကျွန်တော်တစ်ယောက်တည်းအနေနဲ့ကတော့ သူ့ကို ယုံကြည်လို့ မရဘူးပေါ့” ဟု ဆိုသည်။
အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ BGF ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မြဝတီမြို့သိမ်းတိုက်ပွဲအတွင်း ခြေလျင်တပ်ရင်း ခလရ – ၂၇၅ မှ လက်ကျန်တပ်သားတချို့သည် အမှတ် ၂ ချစ်ကြည်ရေးတံတားသို့ ထွက်ပြေးပြီး နှစ်ရက်အကြာတွင် BGF ၏ အကူအညီဖြင့် ခလရ – ၂၇၅ ထဲသို့ ပြန်လည်ဝင်ရောက်ကာ နေရာယူတပ်စွဲနိုင်ခဲ့သည်။
ပုံစာ – KNU၊ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို။
KNA #BGF #KNU #ဒုတိယဗိုလ်မှူးကြီးစောလယ်ဒို #ယုံကြည်မရ #ThanLwinKhetNews