စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ထိုင်းရောက် မြန်မာနိုင်ငံသားများအား ကြိုတင်မဲပေးရန် သတ်မှတ်ရက်အား အောက်တိုဘာလ ၃ ရက်အထိ တိုးမြှင့်လိုက်သည့်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ကနဦးက စစ်ကော်မရှင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲအား ဩဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ပေးရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့ပြီး ယခု အောက်တိုဘာလ ၃ ရက်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲ စိတ်မဝင်စားတော့ ဘယ်ရက်တွေ ကြိုတင်မဲထည့်ရမယ်ဆိုတာတောင် ကျွန်မ မသိပါဘူး။ ရက်တိုးထားတယ်ဆိုတာတောင် အခုမှ သိပါတယ်။ ကျွန်မတို့ စိတ်လည်း မဝင်စားဘူး။ မဲလည်း မပေးဘူး” ဟု ဘန်ကောက်တွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာလူမျိုးများသည် လာမည့် ဒီဇင်ဘာ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးရန် စိတ်ဝင်စားမှု မရှိဟု ဖြေဆိုကြသည်။
“အခုဟာက တိုင်းပြည်မှာ မငြိမ်းချမ်းတဲ့ အကြောင်းအရာတွေပေါ် ဒီရွေးကောက်ပွဲက ငြိမ်းချမ်းသွားအောင် လုပ်ပေးမှာ မဟုတ်ဘူးလေ။ ပိုဆိုးလာတာပဲ ရှိပါမယ်။ ဖြစ်သင့်တာတွေကို သက်ဆိုင်သူ အဖွဲ့အစည်းတွေ ညှိ့နှိုင်းပြီး လုပ်ပေးရမှာ” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကလည်း ပြောသည်။
နိုင်ငံတွင်း မတည်ငြိမ်မှုနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် ပြည်တွင်းမှ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူများအပါအဝင် အာဏာမသိမ်းခင်ကတည်းက ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အရေအတွက်က ၆ သန်းကျော် ရှိနေသည်ဟု ရွှေ့ပြောင်းအရေး လုပ်ဆောင်နေသည့် အဖွဲ့များထံမှ သိရသည်။ ထိုသန်းချီနေသော မြန်မာပြည်သူများထံမှ ကြိုတင်မဲများရရန် စစ်ကော်မရှင်က မျှော်လင့်လျက်ရှိသည်။
ပြည်တွင်းတွင်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကို ၎င်းထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်သည့် မဲဆန္ဒနယ် ၁၀၂ ခုတွင် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းတွင် ၎င်း လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများအား နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်မှလည်း စစ်ကြောင်းများ ထိုးလျက်ရှိသည်။
စစ်ကော်မရှင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၅ နှစ်ဆန်းပိုင်းအထိ မြန်မာတစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာထွက်ပြေးသူ စုစုပေါင်း ၃ ဒဿမ ၅ သန်း အထိ ရှိသည်ဟု ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#ဘန်ကောက် #မြန်မာသံရုံး #ကြိုတင်မဲပေးကာလ #ရက်ထပ်တိုး #ThanLwinKhetNews