ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တွင် ဝါချီရာလောင်ကွန်ဆည်ကို ဖြတ်၍ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး ရေနစ်ခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
စက်တင်ဘာလ ၁၂ ရက်က ဆန်ခလပူရီမြို့နယ်ရှိ ရေလှောင်တမံတစ်ခုအနီး ရုပ်အလောင်းများ မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခြင်းဖြစ်ကာ သေဆုံးသူများတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
၎င်းတို့သည် စက်တင်ဘာလ ၉ ရက်ညက တရားမဝင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦး အုပ်စုမှ ဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။
လူကုန်ကူးသူများက အဆိုပါအဖွဲ့အား ဘန်ဒေါင်ဆတ်ဆိပ်ကမ်းမှ ဝါချီရာလောင်ကွန်ဆည်ကိုဖြတ်၍ လှေဖြင့် ပို့ဆောင်ပေးခဲ့ရာ လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့သောကြောင့် ၃ ဦး ရေထဲပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဓာတ်ပုံ – Khaosod, Thai News
#ထိုင်းနိုင်ငံ #တရားမဝင်ဝင်ရောက်သည့်မြန်မာ #ရေနစ်သေဆုံး #ThanLwinKhetNews




