အင်အား ၂၀ ပါသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ နေအိမ်များကို မီးရှို့
***********************
ဇန်နဝါရီ ၁၂၊၂၀၂၃။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပျူစောထီးအဖွဲ့၀င်များက ကျေးရွာအတွင်း ၀င်ရောက်မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မီးရှို့ခံရမှုကြောင့် နေအိမ်များ၊ ဆိုင်ကယ်များ မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၅ နာရီကျော် အချိန်တွင် ဟင်ချိုတောကျေးရွာရှိ နေအိမ်များအပါအဝင် ပရိဘောဂဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င် တစ်ဦးက ပြောသည်။
“ ဟင်ချိုတောကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးသွားတာ။ ဟင်ချိုတောရွာက နေအိမ်၃လုံး၊ ပရိဘောဂဆိုင်တစ်ဆိုင်နဲ့ ဆိုင်ကယ် ၄ စီး မီးထဲပါသွားတယ် ” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းတွင် ရေကြောင်းမှ ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ဟင်ချိုတောကျေးရွာသို့ စစ်ကြောင်းထိုး ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ သရက်တောကျေးရွာမှ နေအိမ် နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက မီးရှိ့ခဲ့သည်။