စစ်ကောင်စီတပ်က အာရှလမ်းမကြီးအား သိမ်းယူပြီးနောက်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အိမ်သာများ လိုအပ်ချက်ရှိနေသည်ဟု စစ်ရှောင်အရေးကူညီသူများထံမှ သိရသည်။
“အဓိက စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပါတယ်” ဟု လေးကေ့ကော်မြို့တာဝန်ခံ ဦးအေးလွင်က ပြောသည်။
စစ်ကောင်စီတပ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်သိမ်းပိုက်ပြီး သင်္ဃန်းညီနောင်ဒေသကိုလည်း ပြန်လည်ထိန်းချုပ်ပြီးနောက်တွင် လေးကေ့ကော်မြို့ အပါအဝင် အာရှလမ်းမအနီးတွင် နေထိုင်ကြသည့် ပြည်သူစုစုပေါင်း ၂၇၀၀ ကျော် စစ်ဘေးရှောင်နေကြရသည်။
“စစ်ဘေးရှောင်တွေအတွက် အိမ်သာ အရေးပေါ် လိုအပ်နေတာကြောင့် အိမ်သာဆောက်ပေးဖို့ အကူအညီတောင်းပါတယ်” ဟု စစ်ရှောင်အရေးကူညီသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါဒေသတွင် နေထိုင်သူ ၂၇၀၀ ကျော်သည် ပလောတပို့၊ တောင်ယာကြီး၊ ဘုရားကုန်း (မင်းလက်ပံ)၊ ကြို့ပင်၊ သပြေခြံစခန်း၊ မယ်ထော်သလေးကျောင်းနှင့် ပဟိကလော်ရုံး စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည်။
လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးလာသူများသည် တာလပတ်ခင်းပြီး တာလပတ်မိုးထားသည့် နေရာများတွင် နေထိုင်နေရဆဲဖြစ်ပြီး အလှူရှင်များက စားနပ်ရိက္ခာနှင့် ဟင်းသီးဟင်းရွက် လှူဒါန်းမှုများ ရှိသော်လည်း လုံလောက်မှုမရှိဟု သိရသည်။
လက်ရှိတွင် ပလောတပို့စစ်ရှောင်စခန်းတွင် လူဦးရေ ၁၀၂၄ ဦး၊ တောင်ယာကြီးစခန်းတွင် ၉၉ ဦး၊ ဘုရားကုန်း (မင်းလက်ပံ) စစ်ရှောင်စခန်းတွင် ၆၇၂ ဦး၊ ကြို့ပင်စခန်းတွင် ၅၃၈ ဦး၊ သပြေခြံစခန်းတွင် ၅၂ ဦး၊ မယ်ထော်သလေးကျောင်းတွင် ၂၁၉ ဦးနှင့် ပဟိကလော်ရုံး စစ်ရှောင်စခန်းတွင် ၁၀၆ ဦးအထိ စစ်ရှောင်နေကြရသည်။
#လေးကေ့ကော်စစ်ရှောင် #စားနပ်ရိက္ခာနှင့်ဆေးဝါး #အရေးပေါ်လိုအပ် #ThanLwinKhetNews