ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက ယနေ့ အာရုံတက်ချိန် နံနက် ၁ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကျောင်းနေအရွယ် ကလေး ၁၈ ဦးသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။
ယနေ့ အာရုံတက်ချိန်တွင် စစ်ကောင်စီ ကြဲချခဲ့သည့် ဗုံးနှစ်လုံးသည် သရက်တပင်ကျေးရွာရှိ ဘော်ဒါဆောင်ဖြစ်သော ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ခဲ့သည်ဟု သိရသည်။
ထိုကြောင့် ပညာသင်ကြားနေသည့် ကျောင်းနေအရွယ် ကလေးများနှင့် ဘော်ဒါဆောင်အနီးတွင် နေထိုင်သည့် အိမ်များမှ ကလေးများ အပါအဝင် ၁၈ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
“မနေ့ကလည်း သစ်တပုံဆည်ဘက်ကို ဗုံးကြဲချခဲ့တယ်။ ဒီနေ့ မနက်ကျတော့ သရက်တပင် ဘော်ဒါဆောင်ကို ထပ်ကြဲတယ်။ ကလေးတွေ ပညာသင်ကြားနေတာကို လုပ်ရဲတာကိုတော့ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ဘယ်လို တရားနဲ့ ဖြေရမလဲတောင် မသိတော့ဘူး” ဟု အသက် ၂၇ နှစ်အရွယ် ကျောက်တော်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အတင်းအဓမ္မ ကျင်းပမည့် ရွေးကောက်ပွဲအစီအစဉ်အား ကြေညာပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နေရာများအား ပြန်လည်ရယူလိုခြင်းကြောင့် ထိုးစစ်ဆင်ခြင်းများအား ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထို့အပြင် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
စက်တင်ဘာ ၉ ရက် တစ်ရက်တည်းတွင် မြို့နယ် ၂၂ ခု၌ လေကြောင်းတိုက်ခိုက်မှု ၂၉ ကြိမ် လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ လေးဦး သေဆုံးခဲ့ကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပြည်သူ ၉၄ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – AA info desk
#သရက်တပင် #ဘော်ဒါဆောင်ဗုံးကြဲခံရ #ကလေးငယ်၁၈ဦးသေဆုံး #ThanLwinKhetNews