ဖိုးသောကြာ
ဒေါ်နယ်ထရမ့်၏ သစ္စာခံ မဟာမိတ်ဖြစ်ပြီး အမေရိကန်လက်ယာယိမ်းအယူအဆများ စည်းရုံးဝါဒဖြန့်ပေးနေသည့် ချာလီကာ့ခ်သည် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း၌ ယူတာ့တက္ကသိုလ် စကားရည်လုပွဲတစ်ခုအတွင်း သေနတ်ဖြင့် အပစ်ခံရကာ လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ကျောင်းသားပရိသတ် ၃၀၀၀ တက်ရောက်ခဲ့သည့် ဟောပြောပွဲအတွင်း အသက် ၃၁ နှစ်အရွယ် ကာ့ခ်သည် လက်နက်ကိုင် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အမေးအဖြေလုပ်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ တရားခံကို လက်ရှိအချိန်အထိ ဖမ်းမိခြင်းမရှိသေးဟု ဒေသတွင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒါဟာ အမေရိကအတွက် မှောင်မိုက်တဲ့ အချိန်ဖြစ်ပါတယ်” ဟု သမ္မတ ထရမ့် က Truth Social မီဒီယာကတဆင့် ပြောခဲ့ပြီး ကာ့ခ်ကိုလည်း “အမှန်တရားအတွက် အာဇာနည်” အဖြစ် ခေါ်ဆိုခဲ့သည်။
ထို့အပြင် ကာ့ခ်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရအလံအား တနင်္ဂနွေနေ့အထိ တစ်ဝက်ချထားရန် ထရမ့်က အစိုးရအဖွဲ့အား ညွှန်ကြားထားသည်။
ဒေါ်နယ်ထရမ့်အနေဖြင့် သူ၏ သစ္စာခံမဟာမိတ် ပစ်ခတ်ခံရခြင်းနှင့်ပတ်သက်၍ လက်ဝဲနိုင်ငံရေးသမားများအား အပြစ်တင်ထားပြီး နိုင်ငံရေးအကြမ်းဖက်မှုများကို နှိမ်နင်းသွားမည်ဟု ဆိုသည်။
လက်ဝဲအတွေးအခေါ်ယုံကြည်သူများသည် ဟိုးယခင်ကတည်းကပင် ချာလီကာ့ခ်ကဲ့သို့ နှစ်လိုဖွယ်ကောင်းသော အမေရိကန်လူမျိုးများအား နာဇီများ၊ ကမ္ဘာ့အဆိုးဆုံး အကြမ်းဖက်လူသတ်သမားများအဖြစ် နှိုင်းယှဉ်သတ်မှတ်ခဲ့ကြကြောင်း ထရမ့်က အိမ်ဖြူတော်ရုံးခန်းအတွင်း ရိုက်ကူးထားသည့် ရုပ်သံမှတဆင့် ပြောဆိုထားသည်။
ပစ်ခတ်ခံရသည့် ဗီဒီယိုကို အောက်ပါ Telegram link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Telegram – https://t.me/ThanLwinKhetNews/8699
#အမေရိကန်လက်ယာယိမ်း #ချာလီကာ့ခ် #ပစ်ခတ်ခံရ #ThanLwinKhetNews