ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က စစ်ကော်မရှင်မှ တစ်ဖက်သတ်ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြေညာချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် ညောင်လေးပင်ခရိုင်သည် KNU ဗဟို၏ လမ်းညွှန်မှုအတိုင်း ရပ်တည်ပြီး၊ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည်ဟု ဖော်ပြထားသည်။ KNU ၏ အဖွဲ့အစည်းဆိုင်ရာ ရည်ရွယ်ချက်မှာ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ထောင်ရန်ဖြစ်သည်ဟုလည်း ပါရှိသည်။
ကြေညာချက်တွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် မည်သူမဆို စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ပူးပေါင်းခြင်းမပြုရန် သတိပေးထားသည်။
“စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်ကော်မရှင်ကို ‘တရားဝင် လူသတ်လိုင်စင်’ ပေးတာနဲ့ အတူတူပဲ” ဟု ကြေညာချက်၌ ဖော်ပြထားသည်။ ထို့ပြင် ညောင်လေးပင်ခရိုင်သည် ထိုသို့သော လုပ်ဆောင်မှုများအား စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ပါဝင်ပတ်သက်သူများကို ကော်သူးလေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။
ဤကြေညာချက်ကို KNU-ညောင်လေးပင်ခရိုင် အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု တရားဝင် ကြေညာထားပြီး ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကော်မရှင် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ပြန်ထားကာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်ကလည်း ရွေးကောက်ပွဲအတွက် လိုအပ်လျှင် ဝန်းရံပေးသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
#စစ်ကောင်စီ #တရားမဝင်ရွေးကောက်ပွဲ #KNUတပ်မဟာ၃ #ကန့်ကွက် #ThanLwinKhetNews