မကွေးတိုင်း၊ ငဖဲမြို့နယ်ကို ထိုးစစ်ဆင်လာသည့် ခလရ ၂၅၉ တပ်စစ်ကြောင်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။
အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီအချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ နတ်ရေကန်ကုန်းအနီး ဝေဠုဝန်ကျောင်းဘက်မှ တတိယအကြိမ် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲသည် သုံးနာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီးတွင် ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ထပ် တပ်ရင်းတစ်ခုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးအောင် ဦးဆောင်သည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက် ခလရ ၂၉၅ တပ်ရင်းက စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီကျော်တွင် ဒုတိယ စစ်ကြောင်း ထိုးလာခဲ့သည်ဟု ဆိုသည်။
AA နှင့် အဆိုပါ စစ်ကြောင်းတို့ ၈ နာရီနီးပါးခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ၆၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရိုးတောင်အစပ်နေရာများကို စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းထားပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
ထို့အပြင် အဆိုပါတိုက်ပွဲများတွင် စကခ ၁၇ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ ၅၇၄၊ ခမရ ၅၆၇၊ ခမရ ၅၇၅၊ ခမရ ၅၂၀၊ ခလရ ၂၉၅ တပ်ရင်းများအပြင် အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရသည့် စစ်ကောင်စီတပ်သားသစ်များပါ အတူ ပူးပေါင်းတိုက်ခိုက်နေကြသည်ဟု ဆိုသည်။
#မကွေးတိုင်း #အေအေ #စစ်တပ်ဘက်မှ၇၀ကျော်သေဆုံး #ThanLwinKhetNews

