ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင်ကို တော်လှန်ရေးတပ်ဘက်မှ သိမ်းပိုက်ရရှိထားပြီး နှစ်နှစ်ကျော် ယမန်နေ့တွင် စစ်တက်ဘက်မှ ပြန်လည်ရ နေရာယူခဲ့သည်ဟု မြေပြင်ရင်းမြစ်များထံမှ သိရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “သူတို့ အဲဒီမှာ ရောက်နေပြီလို့တော့ ကြားတယ်။ လက်ခတ်တောင်မှာ တပ်စွဲထားလောက်မှာပေါ့” ဟု ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို ကရင်နယ်ခြားစောင့်တပ်နှင့်ဆွေးနွေးပြီး ပြည်သူပိုင်အဖြစ် သတ်မှတ်ထားသည်ဟု အခြားမြေပြင်ရဲဘော်တစ်ဦးကဆိုသည်။
၎င်းက “အဲဒီမှာလေ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ နေတာ တစ်နှစ်လောက်ပဲ ရှိတာ။ BGF က လာတယ်။ သတင်းတောင် ထွက်တယ်လေ။ BGF က လက်ခတ်တောင်ကို ပြန်သိမ်းတယ် ဘာညာနဲ့။ အမှန်တော့ အဲဒီလက်ခတ်တောင်ကို ကျွန်တော်တို့အဖွဲ့လည်း မထိုင်နဲ့၊ စကစတွေလည်း မထိုင်နဲ့ ပြည်သူပိုင်အဖြစ် သဘောထားမယ်ဆိုပြီး ပြောတော့ ကျွန်တော်တို့လည်း မနေဘူး။ ပြန်ဆုတ်ပေးတာပေါ့လေ” ဟု ဆိုသည်။
လက်ခတ်တောင်သည် ကရင်ပြည်နယ် မြဝတီတောင်ဘက် တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးအရ ဗျူဟာကျသော စခန်းကုန်းတစ်ခု ဖြစ်သည်။
ပူးပေါင်းတပ်များ သိမ်းယူထားသည့် ကာလအတွင်း စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ၊ Y – 12 များဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲကာ ဘုရားစေတီအများအပြား ပျက်စီးခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက လက်ခတ်တောင်ကို သိမ်းပိုက်ခဲ့သည်။ ယခု အောင်ဇေယျစစ်ကြောင်း၏ သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်မှုကြောင့် ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
ပုံစာ – လက်ခတ်တောင်စခန်းအား ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးစ မြင်ကွင်း။
#လက်ခတ်တောင် #စစ်တပ်နေရာပြန်ယူ #ThanLwinKhetNews