လူမှုကွန်ရက်များကို ပိတ်ပင်မှုနှင့် အကျင့်ပျက်ခြစားမှုများအပေါ် ဒေါသထွက်နေသည့် နီပေါဆန္ဒပြသူ ထောင်ပေါင်းများစွာက အစိုးရအဆောက်အအုံများ၊ နိုင်ငံရေးသမားများ၏ နေအိမ်များကို မီးရှို့တိုက်ခိုက်ခဲ့ပြီးနောက် နီပေါစစ်တပ်သည် မြို့တော် ခတ္တမန္ဒူ၏ လမ်းမများပေါ်တွင် လုံခြုံရေးချထားကာ အခြေအနေကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၉ ရက်တွင် ဆန္ဒပြမှုများ အရှိန်မြင့်လာပြီးနောက် အစိုးရအဆောက်အအုံများနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ နေအိမ်များ မီးရှို့ခံခဲ့ရသည်။ အစိုးရ၏ လူမှုကွန်ရက်ပိတ်ပင်မှုကို မကျေနပ်သော လူငယ်များ ဦးဆောင်သည့် ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီးနောက် ပြည်သူများ၏ ဒေါသများ ပိုမိုပြင်းထန်လာခဲ့သည်။
ယင်းအခြေအနေများကြောင့် ဝန်ကြီးချုပ် ခဒ်ဂါ ပရာဆတ် အိုလီသည် ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ဆန္ဒပြမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
စစ်တပ်က အင်္ဂါနေ့နှောင်းပိုင်းတွင် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အင်အားသုံးမည်ဟု ကြေညာခဲ့ပြီး ဗုဒ္ဓဟူးနေ့မှစ၍ လက်နက်ကိုင်စစ်သားများက မြို့တော်လမ်းမများတွင် ကင်းလှည့်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ လုယက်သူ ၂၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
လူမှုကွန်ရက်ပိတ်ပင်မှုမှာ ဆန္ဒပြပွဲများ၏ အစမျှသာဖြစ်ပြီး အစိုးရ၏ အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေးခေါင်းဆောင်များ၏ သားသမီးများသာ အခွင့်ထူးခံနေရခြင်း စသည့် ကျယ်ပြန့်သော မကျေနပ်မှုများက ဆန္ဒပြပွဲများကို ပိုမိုကြီးထွားစေခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
လက်ရှိတွင် သမ္မတ ရမ် ချန္ဒရာ ပူဒယ်လ်က ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို လက်ခံပြီး အစိုးရအသစ်မဖွဲ့စည်းနိုင်မီ အိမ်စောင့်အစိုးရဖွဲ့စည်းရန် အိုလီကိုပင် ပြန်လည်ခန့်အပ်ထားသည်။ သို့သော်လည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍မူ ရှင်းလင်းမှုမရှိသေးပေ။
ပုံစာ -New Baneswor တွင် ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့နေစဉ် (Photo – Khabarhub)
#နီပေါ #ဆန္ဒပြမှုအရှိန်မြင့်တက် #စစ်တပ်အခြေအနေထိန်းချုပ်ရန်ကြိုးပမ်း #ThanLwinKhetNews