ခင်သရဖီဦး
စစ်တွေမြို့၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဝင်ထွက်သွားလာခွင့်များအား ကန့်သတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီးနောက် ဒေသခံများသည် စားဝတ်နေရေး အခက်ခဲဆုံး အခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် ပြည်မသို့ စစ်ဘေးရှောင်နေသော နေအိမ်အားလုံးနီးပါး နေ့စဉ် ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့ရှိ ဒေသခံများသည် စစ်ကောင်စီ၏ အထွေထွေ ပိတ်ဆို့မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်းမှ စတင်ကာ လွတ်မြောက်နယ်မြေများနှင့် ရန်ကုန်မြို့များသို့ စစ်ဘေးရှောင်တိမ်းခဲ့ကြရသည်။
ထိုသို့ အိမ်စောင့် မရှိသည့်အတွက် နေအိမ်များမှ အဝတ်အထည်မှစပြီး အသုံးအဆောင် ပရိဘောဂများအထိ ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် နေ့စဉ်နီးပါး နေအိမ်ဖောက်ထွင်းခံနေရသည်ဟု ရူပမြောက်ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
”လူတွေရှိတဲ့ အိမ်ကိုတောင် ဝင်ခိုးနေတာ။ နေ့ခင်းကြောင်တောင်လည်း ခိုးတယ်။ လူတွေ မရှိတဲ့ အိမ်တွေဆို ပိုဆိုးတယ်။ အကုန်လုံး အိမ်တွေ ဖောက်သွားတယ်။ ပစ္စည်းတစ်ခုမှ မကျန် ခိုးသွားတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ကုန်ဈေးနူန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် မြို့တွင်းတွင် ခိုးယူမှုများ ပြားလာခြင်းဖြစ်သည်ဟု စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
”လက်စွပ်ရှိတဲ့လူမှာ လက်စွပ် ရောင်းစားတယ်။ ဆိုင်ကယ်ရှိတဲ့လူက ဆိုင်ကယ် ရောင်းစားတယ်။ ကုန်ရင် ဟိုရပ်ကွက်က လူက ဒီရပ်ကွက်မှာ ခိုးတယ်။ ဒီရပ်ကွက်က လူက ဟိုဘက်ရပ်ကွက်ကို ခိုးတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ အလုပ်မရှိသည့်အတွက် စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် ဒေသခံအများအပြားမှာ အလှူလာပေးမည်ကို စောင့်နေကြရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
”အခုက ဘာအခက်အခဲလဲဆိုရင် အလှူလာပေးဖို့ လူတွေကို စောင့်နေကြရတဲ့ အဆင့်ဖြစ်နေကြတယ်။ စားဖို့ သောက်ဖို့က မလောက်ငှတော့ဘူး။ အလုပ်ကလည်း မလုပ်ရ။ အလှူရှင်တွေ လာပါစေဆိုပြီးတော့ ဆုတောင်းနေကြရတယ်” ဟု ဆိုသည်။
လက်ရှိ စစ်တွေမြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ စတင်ပြီး ၂၀၀၀၀၀ ကျပ်အထိ ရှိနေကာ ငရုတ်သီးခြောက် တစ်ပိဿာလျှင်လည်း ၃၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်အထိ မြင့်တက်နေသည်။
စစ်ကောင်စီအနေဖြင့် စစ်တွေမြို့အား ထိန်းချုပ်ထားကာ မကျဆုံးစေရန် ၎င်းတို့၏ အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ ရေတပ်မှ အေအေ ထိန်းချုပ်ထားသည့် နယ်မြေများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများအား ဆက်တိုက်လုပ်ဆောင်နေသည်။
#စစ်တွေ #နေအိမ်များဖောက်ထွင်းခံရ #ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့ #ThanLwinKhetNews