ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို ယခင်ပြစ်မှုတစ်ခုအတွက် ထောင်ဒဏ် ၁ နှစ် ကျခံရန် ယနေ့ အမိန့်ချမှတ်ခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
ဘန်ကောက်ရှိ အထူးတရားရုံးချုပ်က အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် သက်ဆင်ကို မြို့တော်ရှိ အကျဉ်းထောင်သို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်။
၂၀၂၃ ခုနှစ်တွင် သက်ဆင်သည် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုစွဲချက်များဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၎င်းသည် အကျဉ်းထောင်သို့ ရောက်ရှိပြီးနောက် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထို့နောက် ဆေးရုံတွင် ၆ လကြာ VIP အခန်း၌ နေထိုင်ခဲ့ပြီးနောက်တွင် ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်း၏ ပြစ်ဒဏ်ကိုလည်း လျှော့ပေါ့ပေးခဲ့သည်။
လပေါင်းများစွာကြာအောင် သက်ဆင်ကို ဝေဖန်သူများက ၎င်းသည် ထောင်ဒဏ်ကို အပြီးသတ်ရှောင်လွှဲခဲ့သည်ဟု စောဒကတက်ခဲ့ကြသည်။ သို့သော် ယနေ့ စီရင်ချက်အပြီးတွင် အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံရေး၏ ရှုပ်ထွေးသည့်အချိန်တွင် နောက်ဆုံးရ ဖြစ်ရပ်တစ်ခုဖြစ်ပြီး သက်ဆင်၏သမီးဖြစ်သူ ဖေထောင်တန် ရှင်နာဝပ်သည် ပြီးခဲ့သည့်လက ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲခံခဲ့ရသည်။
ပြီးခဲ့သည့်သီတင်းပတ်က သက်ဆင်သည် ဒူဘိုင်းသို့ လေကြောင်းခရီးဖြင့် ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး ပြည်ပ၌ အေးဆေးစွာ နေထိုင်တော့မည်ဆိုသည့် ထင်ကြေးများကို ဖြစ်ပေါ်စေခဲ့သော်လည်း စက်တင်ဘာ ၈ ရက်တွင် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဆယ်စုနှစ်များစွာကြာအောင် သက်ဆင်သည် အာဏာအတွက် ထိုင်းဘုရင်စနစ်လိုလားသည့် စစ်တပ်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။ ၎င်းသည် အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး နှစ်ပေါင်းများစွာ ပြည်ပတွင် နေထိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအင်အားစုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။
၂၀၂၃ ခုနှစ်တွင် သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီး နောက်တစ်နှစ်တွင် သမီးဖြစ်သူက ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
သတင်းနှင့် ဓာတ်ပုံ – The New York Times
#ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် #ထောင်ဒဏ်၁နှစ် #ThanLwinKhetNews