ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဌာနချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုတို့က ၂၀၂၄ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့သော “အောင်ဇေယျ” စစ်ဆင်ရေးအား ၅၀၃ ရက်ကျော်ကြာ ဟန့်တားနိုင်ခဲ့ခြင်းသည် တော်လှန်ရေးအောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီ၏ “အောင်ဇေယျ” စစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်၌ စတင်ခဲ့ပြီးနောက် ဧပြီ ၂၀ ရက်တွင် တောနော်ရေတံခွန်သို့ ရောက်ရှိလာခဲ့ကာ ထိုညပိုင်း၌ပင် စကစ၏ သံချပ်ကာကားတန်းသည် မြဝတီမြို့သို့ ချီတက်ရန် ပြင်ဆင်ခဲ့သော်လည်း KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက မြဝတီအမှတ် (၂) တံတားကို ထိုးစစ်ဆင်ခဲ့သည်။ KNLA တပ်ဖွဲ့များက နောက်ဆုတ်၍ “အောင်ဇေယျ” စစ်ဆင်ရေးကို ခုခံရန် အင်အားပြန်လည်ဖြည့်တင်းခဲ့ပြီး၊ ဧပြီလ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် စကစ၏ သံချပ်ကာကားတန်းအား ထပ်မံဟန့်တားနိုင်ခဲ့သည်။ ယင်းသို့ ဟန့်တားနိုင်မှုသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၅၀၃ ရက်ကျော် ကြာမြင့်ခဲ့ကြောင်း KNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA က နှစ်ပေါင်းများစွာ “ခံစစ်ရှင် ပျောက်ကြား” စစ်နည်းဗျူဟာကို အသုံးပြုခဲ့သော်လည်း ၂၀၂၄ ခုနှစ်အစောပိုင်းမှ ၂၀၂၅ ခုနှစ်အထိ စခန်းသိမ်းတိုက်ပွဲများတွင် ကြီးမားသည့် အောင်မြင်မှုများရရှိခဲ့ရာ ဗျူဟာကွပ်ကဲရေးစခန်း ၃ ခု၊ စစ်ဗျူဟာစခန်း ၁ ခုနှင့် တပ်ရင်းဌာနချုပ်စခန်း ၈ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် စစ်ဆင်ရေးတွင် ပါဝင်သည့် စကခ-၁၂ နှင့် အချို့တပ်ရင်းဌာနချုပ်များကို ကနဦးတွင် KNLA ဦးဆောင်သောတပ်များက ဝိုင်းပတ်ပိတ်ဆို့နိုင်ခဲ့ကြောင်း KNLA မှ ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများ ဆင်နွှဲနေချိန်တွင် KNLA ဦးဆောင်တပ်ဖွဲ့သည် တပ်မဟာ (၆) နှင့် (၇) နယ်မြေအတွင်း နယ်စပ်ရှိ စစ်စခန်း ၁၈ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်သိက္ခာပြန်လည်ရရှိရန်အတွက် အာရှလမ်းမကြီးပေါ်ရှိ မြဝတီမြို့ကိုသာ အာရုံစိုက်တိုက်ခိုက်နေရကြောင်း ဖော်ပြထားသည်။ စစ်သားအင်အားမလုံလောက်မှုကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ (ပစ) များကို အစားထိုး အသုံးပြုပြီး မူးယစ်ဆေးဝါးသုံးစွဲကာ စစ်သားများကို “ဒိုင်း” အဖြစ် အဓမ္မတိုက်ခိုက်ခိုင်းနေသည်ဟုလည်း ဆိုသည်။ KNLA တပ်ဖွဲ့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ဆေးအာနိသင်ကြောင့် တစ်ပတ်ခန့် ဦးနှောက်ပုံမှန်မဟုတ်ဖြစ်နေသည်ကို တွေ့ရှိရသည်ဟုလည်း KNLA က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများ၊ ဒရုန်းများနှင့် ဒုံးကျည်များ အသုံးပြုနေရသော်လည်း၊ မည်သည့်နိုင်ငံ၏ အကူအညီမှမရရှိဘဲ KNU လက်အောက်ခံ တပ်မတော်က နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ၅၀၃ ရက်ကျော်ကြာ ပိတ်ဆို့နိုင်ခြင်းသည် စစ်ပွဲအောင်နိုင်ခြင်း၏ သက်သေတစ်ခုဖြစ်ကြောင်း KNLA က ဖော်ပြခြင်းဖြစ်သည်။
KNLA/KNDO/PDF/MLA အဖွဲ့ဝင်များနှင့် အခြားပါဝင်တပ်ဖွဲ့ဝင်များကိုလည်း အာရှလမ်းမကြီးစစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၏ နောက်ဆုံးတွင် ဖော်ပြထားသည်။
#KNU #အောင်ဇေယျ #ကရင် #ThanLwinKhetNews #KNLA