ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ရှိ ဒေသခံတချို့သည် စစ်တပ် ရွာထဲ ဝင်လာကာ တိုက်ပွဲဲဖြစ်မည်စိုးရိမ်သောကြောင့် ကြိုတင်တိမ်းရှောင်ကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက်က တော်လှန်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ခြေမြန်တပ်ရင်း ၃၅၅၊ ၃၅၆ နှင့် သင်္ကန်းညီနောင်ဗျူဟာများကို စစ်တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့သောကြောင့် လေးကေ့ကော်ဒေသသို့ ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်ကြခြင်းဖြစ်သည်။
လေးကေ့ကော်ဒေသခံအမျိုးသားတစ်ဦးက “အစ်ကိုတို့တော့ ပြေးနေရပြီ။ လက်ခတ်တောင်နောက်ကျောမှာ စကစတွေ ရောက်နေပြီလို့ ကြားတယ်။ မေတ္တာလင်းမြိုင်ထဲမှာလည်း အရင်ကတည်းက စကစအခံတွေ ရှိထားတာကိုး။ သူတို့ ဝင်ဖို့က လွယ်တယ်” ဟု ပြောသည်။
စက်တင်ဘာလ ၅ ရက်ည သန်းခေါင်အချိန်တွင် စစ်တပ်ဘက်မှ ကာမီကာဇေအသေခံဒရုန်းဖြင့် လေးကေ့ကော်ဆေးရုံကို ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနေအိမ်မျကိုလည်း ကြဲချမည်ကို စိုးရိမ်သောကြောင့် ကြိုတင်တိမ်းရှောင်ကြခြင်းဖြစ်သည်ဟု သိရသည်။
ယခုရာသီသည် ပြောင်းချိုးသည့် အချိန်နှင့် နီးကပ်လာပြီဖြစ်သော်လည်း လက်ရှိမြဝတီမြို့အနီး တိုက်ပွဲ ကြိုတင်ရှောင်ရှားရကာ ပြောင်းခင်းများကို ချန်ထားခဲ့ရပြန်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “ကျွန်တော်တို့မှာ ဒေသ အေးချမ်းလို့ ပြောင်းတွေ ပြန်စိုက်တယ်။ အရင်နှစ်တွေက ပြေးလိုက်၊ ပြန်လိုက်ဆိုတော့ အဆင်မပြေဘူး။ ဒီနှစ်မှာ စားဝတ်နေရေးအတွက် နည်းနည်း အခံရှိအောင်လို့ ပြောင်းထပ်စိုက်တယ်။ စစ်ထပ်ရှောင်ရပြန်တော့ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး” ဟု ပြောသည်။
လက်ရှိအချိန်တွင် လေးကေ့ကော်နှင့်အနီး ကျေးရွာများရှိ ဒေသခံအချို့ဖြစ်သည့် ကိုယ်ဝန်ဆောင်မိသားစုများ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုရှိသည့် မိသားစုများ ကြိုတင်တိမ်းရှောင်နှင့်ပြီး အချို့မိသားစုများကတော့ နေအိမ်တွင် နေထိုင်နေဆဲဖြစ်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှစ၍ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာကာ တိုက်ပွဲများ ဖြစ်ပွားပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရဖူးသည်။ ထို့နောက် လေးလအကြာ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများ မရှိတော့၍ ဒေသခံတချို့ ပြန်နေထိုင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် တော်လှန်ရေးတပ်များက လေးကေ့ကော်အနီးရှိ စွယ်တော်ကုန်း အမြှောက်ကုန်းစခန်းကို အပြီးသတ် သိမ်းယူပြီး နောက် ဒေသခံများ ပြန်လည်နေထိုင်ကြပြီး ယခုတစ်ကြိမ် ပြန်စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။
#လေးကေ့ကော်ဒေသခံ #စစ်ဘေးထပ်ရှောင် #ThanLwinKhetNews