ခင်သရဖီဦး
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး မြေပြင်ထိုးစစ်အတွင်း စစ်တပ်ဘက်မှ အထိအခိုက် အကျအရှုံးများနေ၍ ထွက်ပြေးနေရသည်ဟု ယမန်နေ့ စက်တင်ဘာလ ၅ ရက်တွင် AA က သတင်းထုတ်ပြန်သည်။
မကွေးတိုင်းအတွင်း၌ လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည့် ဂုတ်စီးရိုးတိုက်ပွဲအတွင်း တပ်မ (၉၉) ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်သက်နှင့် အဖွဲ့ဝင် ၁၇ ဦးတို့အားလည်း လက်ရ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထိုသို့ ရခိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကော်မရှင်သည် စစ်ရှုံးနေသော်လည်း အမ်း-ပဒါန်းစစ်ဆင်ရေးတွင် အောင်မြင်မှု ရခဲ့သည့် ပုံစံဖြင့် ရှေ့တန်းပြန်အခမ်းအနားများ ပြုလုပ်ကာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းများလည်း ရှိနေသည်ဟု AA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်သည် AA တပ်များ ထိုးစစ်ဆင်နေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရန် ခုခံလျက်ရှိသော်လည်း အထိအခိုက်အကျအဆုံးများ ရှိနေသည်ဟု ဆိုသည်။
စစ်ကော်မရှင်အနေဖြင့် တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ်အပါအဝင် စစ်ရေးအရ အရေးပါသော နေရာများကို မတ်လဆန်းမှ စတင်ကာ တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား သုံးကာ တိုက်ခိုက်နေခြင်းကြောင့်သာ အချို့သော နေရာများတွင် အောင်မြင်မှု အနည်းငယ် ရရှိခြင်း ဖြစ်သည်ဟု AA က ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
စက်တင်ဘာလ ၄ ရက်ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄) နှင့် အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့အပြင် ပဲခူးတိုင်းရှိ ရခိုင်နှင့် ဆက်စပ်နေရာများကို စစ်ကောင်စီ၏ စကခ (၁၇) နှင့် စကခ (၁၄) ရှိ တပ်ရင်းများမှ အင်အား ၁၅၀၀ ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။
#အေအေ #စစ်ကော်မရှင်တပ် #တိုက်ပွဲပြင်းထန် #ThanLwinKhetNews