မြန်မာနိုင်ငံရှိ ပြည်သူ ၁၆ ဒဿမ ၇ သန်းသည့် စားဝတ်နေရေး မဖူလုံသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဥပမာအားဖြင့် လူ ဦးတွင် ၁ ဦးသည် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် နေထိုင်နေသူများသည် ထမင်းတစ်နပ်အတွက် နေ့စဉ် ရုန်းကန်နေရပြီး ၂၀၂၄ ခုနှစ်တွင် ဝမ်းရေးမဖူလုံသည့် အခြေအနေကြုံနေရသူ ၁၃ ဒဿမ ၇ သန်းသာ ရှိခဲ့သော်လည်း လက်ရှိတွင် လူ ၂ ဒဿမ ၈ သန်း ထပ်တိုးလာခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံး ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် လူဦးရေ ပဥ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ထိုကြောင့် တောင်ကိုးရီးယားသမ္မတနိုင်ငံနှင့် WFP တို့ ပူးပေါင်း၍ စစ်ရေးပဋိပက္ခကြုံရသောကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများနှင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကို ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးသွားမည်ဟုလည်း ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကိုးရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေ ထည့်ဝင်ထားပြီး WFP နှင့် ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်မည့် အစီအစဉ်အား “REACH” ဟု အမည်ပေးထားသည်။
အဆိုပါ အစီအစဉ်တွင် ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများမှ လူ သုံးသိန်းဝန်းကျင်အား နှစ်လစာ စားနပ်ရိက္ခာ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူရန် ငွေသား ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေး စုစုပေါင်း ၂၄၀၀၀ အတွက် အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အကူအညီများ ပေးသွားမည်ဟု သိရသည်။
“အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo မှ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခြေအနေကို ၂၀၂၁ ခုနှစ် အစောပိုင်းကာလများနှင့် နှိုင်းယှဉ်ပါက စီးပွားရေးကျဆင်းခြင်းနှင့်အတူ အခြေခံစားနပ်ရိက္ခာများ၏ ကုန်ဈေးနှုန်းမှာ လေးဆခန့် မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် ဝယ်ယူရန် အခက်အခဲ ကြုံနေရသည်ဟု WFP က ဖော်ပြထားသည်။
“စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြှင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။
WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းအတွက် အရေးပေါ်အကူအညီများကို ၂၀၂၅ ခုနှစ် ဧပြီတွင် ရပ်ဆိုင်းခဲ့ရသော်လည်း ယခု ရန်ပုံငွေသည် လိုအပ်နေသူများအတွက် အကူအညီ အထောက်အပံ့ကောင်းဖြစ်မည့် အပြင် ဝေးလံခေါင်သီဒေသများမှ အရေးပေါ် ကူညီထောက်ပံ့မှု လိုအပ်နေသူများအား ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။
#မြန်မာပြည်သူ #အငတ်ဘေးဒဏ်ကြုံရ #ThanLwinKhetNews