ကရင်ပြည်နယ်၊ ကော့ကရိတ် – သင်္ကန်းညီနောင် အာရှလမ်းကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သောကြောင့် ထိုးဖောက်နိုင်ခဲ့သည့် အခြေအနေတွင်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “အခု ၃၅၅၊ ၃၅၆၊ သင်္ကန်းညီနောင်ဗျူဟာကို အခုကတော့ စကစရောက်နေပြီ။ ခံပစ်လို့ အဆင်မပြေတော့ဘူး။ သူတို့ဘက်က အင်အားလည်း များတယ်” ဟုပြောသည်။ စက်တင်ဘာ ၂ ရက်မှစပြီး မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ ၂၇၅ တပ်သားများသည် သင်္ကန်းညီနောင်တဝိုက်ရှိ ထီးမူးထ၊ နို့ဖိုး၊ ကွင်းကလေးရွာများသို့ စစ်ကြောင်းထိုးနေချိန်တွင် ခလရ ၂၇၅ ကလည်း လက်နက်ကြီး၊ ကာမီကာဇေ ဒရုန်းများဖြင့် ပစ်ကူပေးနေသည်။
ထို့အပြင် အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ချီတက်လာရုံသာမက ကရင်နယ်ခြားစောင့်တပ် BGF ကလည်း ပါဝင်ပတ်သက်မှုရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဦးစီး ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီမည်ဟုလည်း BGF က ထုတ်ပြန်ထားသည်။
အာရှလမ်းကို ရရှိရန် ဩဂုတ်လ ၁၂ ရက် မှစ၍ ပြန်လည်ထိုးစစ်ဆင်လာသည့် အောင်ဇေယျဒုတိယလှိုင်းတွင် စစ်တပ်ဘက်မှ အင်အား နှစ်ထောင်ခန့် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် အာရှလမ်း ပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်မှ ထောက်ပို့လေယာဥ် Y – 12 ဖြင့်လည်း ပစ်ကူပေးပြီး ယမန်နေ့ စက်တင်ဘာလ ၄ ရက်ကလည်း သင်္ကန်းညီနောင်မြို့တွင်းသို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
သင်္ကန်းညီနောင်ရှိ ခမရ ၃၅၅၊ ၃၅၆၊ ဗျူဟာများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအစမှာ တော်လှန်ရေးပူးပေါင်း တပ်ဘက်မှ သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ သင်္ကန်းညီနောင်မြို့ကို သိမ်းပိုက်နိုင်ချိန်တွင် စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်မြို့သို့ စတင်ဝင်ရောက်လာပြီး ဧပြီလ ၁၃ ရက်တွင် တောနော်ရေတံခွန်အနီးသို့ ရောက်ရှိကာ ယခုနှစ် ဩဂုတ်လတွင် သင်္ကန်းညီနောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။