စစ်ကော်မရှင်က ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝထောက်ခံသည်ဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF က စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ထိုအပြင် ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ၊ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီဆောင်ရွက်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။
ယခုနှစ် ဒီဇင်ဘာ ၂၈ တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲ အပိုင်း ၁တွင် မြို့နယ် ၁၀၂ မြို့နယ်ပါဝင်သည်ဟု မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းမြို့နယ်များစာရင်းတွင် ကရင်ပြည်နယ်အတွင်းမှ သံတောင်ကြီးမြို့နယ်၊ ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်တို့ပါဝင်သည်။
ယင်းသို့ လုပ်ဆောင်လာသော စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်”ဖြစ်သဖြင့် ကရင်အမျိုးသားပြည်သူလူထုများ၊ ကရင်လက်နက်ကိုင့်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးအင်အားစုများအပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတရပ်လုံး ပါဝင်ခြင်းမပြုကြရန်နှင့် အကြမ်းမဖက်သော နည်းလမ်းများဖြစ်ဖြင့် ဆန့်ကျင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ပြီးခဲ့သည့်ဩဂုတ်လ ၂၆ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။ “ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကျွန်တော်တို့ KNU က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ထားတယ်။
အာဏာသိမ်းကတည်းက လုပ်မယ်ဆိုပြီး Roadmap ပါလာတယ်။ ဒါပေမယ့် သူလုပ်မယ့်ရွေးကောက်ပွဲက လုပ်လို့မရတာနဲ့ တချိန်ပြီးတချိန်ရွှေ့လိုက်နဲ့လုပ်နေတာ။ ခုက မလုပ်လို့မဖြစ်တဲ့အနေအထားရောက်သွားပြီ။ သူမှာ ဆုတ်ကပ်ဖြစ်နေတယ်၊ ရွေးစရာမရှိဘူး။ အောင်မြင်မယ်။ မအောင်မြင်မယ်မသိဘဲနဲ့ ဇွတ်တရွတ်လုပ်နေတဲ့အပိုင်းပဲ ရှိတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
BGF၏ ယခုထုတ်ပြန်ချက်တွင် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့် အပေါ် အန္တရာယ်မရှိစေရန် ကူညီသွားမည်ဟု ဖော်ပြထားပြီး အဆိုပါရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပရန် ထည့်သွင်းထားသော မြဝတီမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာပြီးနောက် မြဝတီ-အာရှလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
အာရှလမ်းဟောင်း၊ လမ်းသစ်များတွင် စစ်မှုထမ်းဥပဒေဖြင့် စုစည်းထားသော တပ်ဖွဲ့ဝင်များပါဝင်သည့် အောင်ဇေယျစစ်ကြောင်းအား စစ်ကြောင်းသုံးကြောင်းခွဲကာ ထိုးစစ်ဆင်ခြင်း၊ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လာသဖြင့် နယ်မြေစိုးမိုးမှုရယူထားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှာ အခြေစိုက်စခန်းအချို့အား ဆုတ်ခွာပေးခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောဆိုထားသည်။