အတင်းအဓမ္မ ဖမ်းဆီးခံထားရသည့် အသက် ၈၀ အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် အထူးကုဆရာဝန်ဖြင့် ဆေးကုသမှုခံယူရန် တောင်းဆိုသော်လည်း ငြင်းပယ်ခံနေရသည်ဟု ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ယနေ့တွင် သူ၏လူမှုကွန်ရက်၌ ရေးသားထားသည်။
၎င်းက “ကျွန်တော့်အမေရဲ့ ကျန်းမာရေးက ပိုဆိုးလာတယ်လို့ ကြားသိရလို့ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ အကျဉ်းကျခံနေရတဲ့ အခြေအနေကြောင့် ပိုဆိုးရွားလာနိုင်တဲ့ နှလုံးရောဂါကို ခံစားနေရပြီး ပြင်ပက နှလုံးအထူးကုဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေသလို ပြသခွင့်လည်း တောင်းထားပါတယ်။ ဒီကိစ္စကို ခွင့်ပြုခြင်း ရှိ၊ မရှိ ကျွန်တော် မသိရပါဘူး” ဟု The Independent သတင်းစာတွင် ပြောခဲ့သည်။
ယခုကဲ့သို့ ဆေးကုသမှုခံယူရန် ကန့်သတ်ခံထားရခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းတို့သည် အင်မတန် ရက်စက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်သောကြောင့် လက်ခံနိုင်ဖွယ်မရှိဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ၎င်း၏မိခင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရန်နှင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းချခံထားရပြီးနောက် ၎င်း၏ အသက် ၈၀ အရွယ် မိခင်တွင် နှလုံးရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်ကို ကင်မ်အဲရစ်က The Independent သတင်းစာတွင် ဖွင့်ဟထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိတ်ဂ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးရန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချိန်တန်ပါပြီ။ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သင့်လျော်တဲ့ ဆေးကုသခွင့်ရဖို့ဆိုတာကလည်း ကိုယ်ကျင့်တရားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်ဖြစ်ပါတယ်” ဟု ၎င်းက The Independent ကို ပြောကြားခဲ့သည်။
#ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေ #စိုးရိမ်ရ #ThanLwinKhetNews