ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ သင်္ကန်းညီနောင်မြို့ကို စစ်ကောင်စီက စက်တင်ဘာ ၄ ရက် နေ့လည်ပိုင်းတွင် လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” သင်္ကန်းညီနောင်ဘက်ကိုကြဲသွားတာ။ Y – 12 လာကြဲသွားတာတော့ရှိတယ်။ ” ဟုဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောာင့် နေအိမ်ပျက်ဆီးမှုများရှိသော်လည်း အတည်ပြုမရသေးကြောင်း ဒေသခံများကဆိုသည်။
ထို့အပြင် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီကျော်တွင်လည်း မြဝတီမြို့တောင်ဘက် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခတ်ဒေသရှိ ဆေးရုံဟောင်းသို့ စစ်တပ်ဘက်မှ အသေခံ ကာမီကာဇီ ဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် သင်္ကန်းညီနောင်မြို့ရှိ ခမရ – ၃၅၅၊ ၃၅၆၊ ၃၅၇ ကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ် – သင်္ကန်းညီနောင် – မြဝတီအာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်း၊ ဝေဟင်ထိုးစစ်နှင့် လက်ကြီးကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။
ပုံ- သံလွင်ခက်
ပုံစာ – စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သင်္ကန်းညီနောင်မြို့တွင်းပျက်ဆီးခဲ့ရသည့်အဆောက်အဦးတချို့။ (ပုံဟောင်း)
#သင်္ကန်းညီနောင် #စစ်ကောင်စီ #ဗုံးကြဲ #ThanLwinKhetNews