ခင်သရဖီဦး
ရန်ကုန်သို့ ရောက်နေသည့် ရခိုင်လူမျိုးများ ၎င်းတို့၏ နေရပ်သို့ ပြန်ရာတွင် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံး- ထွေအုပ်ရုံး မှ ထွက်ခွင့်မပေးသောကြောင့် ဒေသခံ ရာနှင့်ချီ ပိတ်မိနေသည်ဟု ကျောက်ဖြူဒေသခံများထံမှ ပြောသည်။
လက်ရှိတွင် ၎င်းတို့၏ နေရပ်သို့ ပြန်လိုသည့် ရခိုင်လူမျိုးများသည် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ထောက်ခံစာဖြင့်သာ ခြားနေရာသို့ ထွက်ရခြင်းဖြစ်ကာ ယခု ပိတ်မိနေသူများသည် ထောက်ခံစာမရသောကြောင့် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ပိတ်မိနေခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်အရွယ် ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
” လူ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ သိရတယ်။ ထွက်ဖို့အတွက် စာတင်ထားပေမဲ့ စစ်ကောင်စီဖက်က အကြောင်းအမျိုးမျိုးပြပြီး ပေးမထွက်ဘူးလို့ သိရတယ်။ ပိတ်မိတဲ့လူတွေမှာ သက်ကြီးပိုင်တွေ များတာပေါ့။ ဆေးခန်းပြပြီး ပြန်လာကြတဲ့လူတွေ များတယ်။”ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့မှ တစ်ဆင့် အခြားမြို့များသို့ ဝင်ထွက်ခွင့်အား စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်ရှိ ဗိုလ်မှူးမှ ထိန်းချုပ်ထားခြင်းဖြစ်ကာ ကျောက်ဖြူသို့ ဝင်ရောက်ရန် အတွက် တစ်ဦးလျှင် နှစ်သိန်း ကျပ် နှင့် ထွက်ခွာခွင့် အတွက် ကျပ် သုံးသိန်းအထိ ပေးနေကြရသည်။
ထို့အပြင် ထွေအုပ်ရုံးမှ ထောက်ခံစာ အပြင် စစ်ကောင်စီက သတ်မှတ်ထားသည့် စက်လှေများ ဖြင့်သာ သွားရမည်နေရာသို့ သွားလာခွင့်ပြုသည်ဟု အသက် ( ၃၀) အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
” ကျောက်ဖြူကို ဝင်ဖို့အတွက်ဆိုလိုရင် ထွေအုပ်ရုံးကို ထောက်ခံစာ တောင်းရပါတယ်။ အဲဒီထောက်ခံစာ ကျတဲ့အချိန်မှ စစ်ကောင်စီဆီက ခွင့်ပြုတဲ့ ဘုတ် (စက်လှေ) က လာတင်တာပေါ့လေ။ စစ်ကောင်စီ ခွင့်မပြုရင်တော့ ကျနော်တို့က ကျောက်ဖြူကို ဝင်လည်းမဝင်ရဘူး။ ထွက်လို့လည်း မရဘူး။ ခွင့်ပြုချက် အားလုံးက သူတို့ဆီမှာရှိတယ်။ နောက်ပြီး လာပြီး ခေါ်တဲ့ဘုတ်ကလည်း ခွင့်ပြုချက် စာပါမှ လာခေါ်ရတာမျိုးပါ။” ဟု ဆိုသည်။
စစ်ကောင်စီက ကျောက်ဖြူနှင့် ရန်ကုန် ကို လေကြောင်း ခရီးစဉ်တစ်ခုတည်းသာ ဖွင့်ပေးထားသည်။
လက်ရှိ ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး တချို့ မြို့ခံများမှာ ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်ရှောင်နေကြရပြီး တချို့မှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း အန္တာရာယ် စိုးရိမ်မှုကြောင်း စစ်ဘေးရှောင်နေကြရသည်။
#ရန်ကုန်ကျောက်ဖြူ #ဒေသခံရာချီ #ကျောက်ဖြူ #ပိတ်မိ #ThanLwinKhetNews