ကချင်နှင့် ကရင်နီပြည်တွင် နေထိုင်ကြသည့် အပြစ်မဲ့သူများအား လေကြောင်းမှ ရက်စက်တွင် ဗုံးကြဲတိုက်ခိုက်မှု များတွင် အမိန့်ပေးခြင်းနှင့် ကိုယ်တိုင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ခေါင်းဆောင်မင်းအောင် လှိုင် အပါအဝင် စစ်ကောင်စီ လေတပ်အရာရှိ ၂၂ ဦးအား Fortify Right အဖွဲ့မှ ဖော်ထုတ်လိုက်သည်။
၎င်းတို့သည့် အာဏာသိမ်းစအချိန်မှ စတင်၍ ငါးနှစ်နီးပါးကာလ အတွင်း ကချင်နှင့် ကရင်နီဒေသတို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပတ်သက်နေသူများ ဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်ခြင်းကြောင့် နိုင်ငံတကာရာဇဝတ်သံရုံး ICC တွင် တရားစွဲဆို သင့်သည်ဟု Fortify Right အဖွဲ့မှ အကြံပြုထားသည်။
ထိုကြောင့် စစ်ကောင်စီထံသို့ လေယာဉ်ဆီနှင့် စစ်လက်နက် တင်ပို့ရောင်းချခြင်းများအား ပိတ်ဆို့ အရေး ယူပေးရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တွန်းအားပေးသင့်သည်ဟု Fortify Right အဖွဲ့မှ ဆိုသည်။
“ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတိုင်းဟာ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေထဲ ကနေ ရလာတဲ့ စိတ်ဒဏ်ရာတွေကို ဆက်လက်ခံစားနေရဆဲပါ။ စစ်လေယာဉ်သံတွေ၊ သွေးနံ့တွေနဲ့ ထပ်ပြီး ပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေကို ထိတ်လန့်ရေဆဲပါ။ လက်နက်တွေနဲ့ လေယာဉ်ဆီတင်ပို့မှုကို ကန့်သတ်ပြီး မြန်မာစစ်အုပ်စုကို ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံမှု ရှိစေဖို့ ဆောင်ရွက်ခြင်းက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တရားဝင်တဲ့ တာဝန်ယူမှုနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တာရား ဖြစ်ပါတယ်။ ” ဟု Fortify Right ၏ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းမှ ပြောသည်။
Fortify Right အဖွဲ့သည် ကချင်နှင့် ကရင်နီဒေသတွင် လေကြောင်းတိုက်ခိုက်ခံရသော်လည်း အသက်ရှင် သန်ကျန်ရစ်သူများထဲမှ ၆၃ ဦးအား စစ်ကောင်စီ၏ ရာဇဝတ်မှု ကျူးလွန်မှုများနှင့် လေကြောင်းတိုက်ခိုက်မှု များအား အသေးစိတ် တွေ့ဆုံမေးမြန်းပြီး “ကောင်းကင်ပြိုသောနေ့” ခေါင်းစဉ်ဖြင့် သုတေသနလုပ်ထားသည့် အစီရင်ခံစာ တစ်စောင်ကို စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီက ၂၀၂၃ နိုဝင်ဘာ ၉ ရက်မှ ၂၀၂၄ နိုဝင်ဘာ ၁၅ ရက်အထိ တစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်တိတိ ပြုလုပ်ခဲ့သည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၆ ဦးသေဆုံးခဲ့ပြီး ၇၀ ကျော်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
ထို့အပြင် ခရစ်ယာန်ဘာသာရေးကျောင်း၊ စာသင်ကျောင်း၊ မူကြိုကျောင်းနှင့် ယဉ်ကျေးမှုစင်တာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ကရင်နီပြည်အား ၂၀၂၃ နိုဝင်ဘာ ၂၉ မှ ၂၀၂၄ ဖေဖော်ဝါရီ ၅ ရက်အထိ သုံးလကျော် အတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ရှောင်စခန်းများနှင့် နေအိမ်များ ပျက်စီးဆုံးရှံးခဲ့ရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မချစ်ဆိုင်းက “ဒီအချိန်ကတော့ တာဝန်ယူမှု တာဝန်ခံမှု ကိစ္စကို ဆောင်ရွက်ရမဲ့ အချိန်ဖြစ်ပါတယ်။”ဟု ဆိုသည်။
ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်တပ်မှ အရာရှိများအား မြန်မာစစ်တပ်၏ လက်နက်နှင့် ဝင်ငွေရလမ်းကြောင်းများအား ပိတ်ဆို့ဒဏ်ခတ်အရေးယူရန်၊ လေယာဉ်ဆီတင်ပို့သည့် ကုမ္ပဏီများအား ဥပဒေကြောင်း အရ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန်နှင့် ထိခိုက်ခံစားရသူများ တရားမျှတမှုရရှိစေပြီး နေရပ်စွန့်ခွာရသူများအား အကာအကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းထားသည်။
ပုံစာ-ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို လေကြောင်းတိုက်ခိုက်ခံရစဉ် (၂၀၂၃ ခုနှစ် မတ်လ)
ဓါတ်ပုံ- KNDF
#လေကြောင်းတိုက်ခိုက်မှု #စစ်ခေါင်းဆောင်နှင့်အရာရှိများ #ဖော်ထုတ် #ThanLwinKhetNews