ခင်သရဖီဦး
ရခိုင်တွင် အာရက္ခတပ်တော် AA က ပေးထားသည့် အင်တာနက် Star link ဝန်ဆောင်မှုအား စစ်ကောင်စီ၏ လေကြောင်း အန္တာရာယ် စိုးရိမ်မှုကြောင့် အကန့်အသတ်ဖြင့်သာ ပေးသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ လေကြောင်း အန္တာရာယ်စိုးရိမ်ရခြင်းကြောင့် အင်တာနက် ဝန်ဆောင်မှု တချို့အား ယာယီ ရပ်တန့်ထားခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းအန္တာရာယ်စိုးရိမ်မှုကြောင့် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်သည်ဟု နည်းပညာဌာနမှ မြို့နယ် တာဝန်ခံ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်ကောင်စီ လေကြောင်း အန္တာရာယ်နှင့် စစ်ရေး အပေါ်မှာ မူတည်ပြီးတော့ ပေးသွားပါမယ်။ အရင်လို့ ရက်ဆက်တော့မဟုတ်ဘဲ အကန့်အသတ်ပေါ့။” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်၍ ရခိုင်ရှိ မြို့နယ်တချို့အား နေ့စဉ်ကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် တချို့ဒေသခံများမှာ စစ်ဘေးရှောင်နေရသူများလည်း ရှိကြသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း အင်တာနက်မှ တဆင့် သတင်းပေးမှုများရှိနိုင်သည့် အတွက် ယခုကဲ့သို့ အင်တာနက် ကန့်သတ်ခြင်းအား ကြိုဆိုသည်ဟု မြေပုံမှ အသက် (၄၅)နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
” ပြည်သူ တွေတိုင်းလည်း ယုံကြည်မှု ထားလို့မရသေးဘူး။ အင်တာနက်ကနေ သတင်းပေးတဲ့လူတွေရှိနိုင်တယ်။ အစိုးရကလည်း အဲဒါတွေကို စီစီစစ်စစ် လုပ်ဆောင်နိုင်သေးတာမဟုတ်ဘူး။ အခုလို အခြေအနေမှာ အကန့်အသတ်ထားတာ အကောင်းဆုံးပါ။ ” ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီက လူစုလူဝေးရှိသည့် နေရာများအား ဗုံးကြဲမှုများကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် အကန့်အသတ်နှင့် လုပ်ဆောင်ခြင်းမှာ ပြည်သူများအတွက် ပိုမိုကောင်းမွန်ကြောင်း အသက် (၂၁) အရွယ် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
”အခုလို Public internet သုံးစွဲတာတွေကို ကန့်သတ်လိုက်တာက အင်တာနက် သုံးစွဲသူတွေရဲ့ လုံခြုံးရေးအရ သင့်တော်တယ်လို့ ထင်တယ်။ စစ်ကော်မရှင်က လူစုလူဝေးနေရာတွေကို ဗုံးကြဲနေတာဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်အောင်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ရာရောက်တယ်လို့ ထင်ပါတယ်။” ဟု ဆိုသည်။
အာရက္ခတပ်တော် AA ၏ နည်းပညာဌာနမှ ဦးဆောင်ပြီး မြို့နယ်တချို့တွင် အင်တာနက် ဝန်ဆောင်မှုအား တစ်နာရီ လျှင် ၂၀၀၀ ကျပ်ဖြင့် တစ်ပတ်လျှင် ၆ ရက်ခန့် နံနက် ၈ နာရီမှ ၅ နာရီထိ ဖွင့်လှစ်နေခြင်းဖြစ်သည်။
#ရခိုင် #အင်တာနက်သုံးစွဲခွင့် #အကန့်အသတ်ဖြင့်ဖွင့် #ThanLwinKhetNews