ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခတ်ဒေသရှိ ဆေးရုံဟောင်းကို အသေခံ ကာမီကာဇေ ဒရုန်း ၂ စင်းဖြင့် ယနေ့ စက်တင်ဘာ ၄ ရက်တွင် စစ်ကောင်စီမှ တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဆေးရုံဟောင်းကို ယနေ့နံနက် နံနက် ၈ ကျော်အချိန်တွင် တိုက်ခိုက်ခဲ့ပြီး ဒေသခံများ ထိခိုက်မှု မရှိဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” ဒီနေ့မနက် ၈ နာရီ ၃၀ မှာတစ်ကြိမ်၊ ၈နာရီ ၅၀ မှာတစ်ကြိမ် မီကာဇီနဲ့ လာကြဲသွားတာ။ စာသင်ကျောင်းနဲ့တရုတ်ဆိုက်ကြားထဲက ဆေးရုံးဟောင်းကိုကြဲလိုက်တာ။ အခန်းတစ်ခန်းတော့ ပျက်ကြေသွားတယ်။ ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင်လည်း ဝေါ်လေမြိုင်မြို့ရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းနေအိမ်ကို ဝေါ်လေဗျူဟာရှိ စစ်ကော်မရှင်တပ်ဘက်မှ ကာမီကာဇေဒရုန်း ဖြင့်ကြဲချခဲ့သည်။
ထို့အပြင် ပြီးခဲ့သည် မေ ၂၈ ရက်နေ့တွင်လည်း ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက မေ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
Photo: DKBA
#ကျောက်ခက်ဆေးရုံဟောင်း #ကာမီကာဇေကြဲချ #စစ်ကောင်စီ #ThanLwinKhetNews