တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ဘော်ကြိုကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့ စက်တင်ဘာ ၃ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
လူမှုကူညီရေးလုပ်ဆောင်နေသူ အမျိုးသားတစ်ဦးမှ “ဘော်ကြို(ဈေရွာဟောင်း)ရွာဘက်ကို ကြဲသွားတာ။ အမျိုးသားတယောက် ဒဏ်ရာရသွားတယ်” ဟု သံလွင်ခက်သို့ ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လတစ်လအတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့နယ်တို့ကို လေကြောင်းအပြင် လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက် မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူ (၄၆)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူလူထု (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဒေသခံ, TNLA သတင်းနှင့်ပြန်ကြားရေးဌာန
#သီပေါ #လေကြောင်းဗုံးကြဲ #စစ်ကောင်စီ #ဒေသခံထိခိုက် #ThanLwinKhetNews




