တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စုဖွဲ့ထားသည့် အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားသည့် နယ်မြေများတွင် စစ်ကောင်စီ၏ ရွေးကွက်ပွဲအား အကြောင်းပြကာ နယ်မြေချဲ့ထွင် ထိုးစစ်ဆင်ခြင်းများကြောင့် နယ်မြေလုံးဝ မဆုံးရှုံးစေရန် ကာကွယ်ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထု လုံခြုံရေးနှင့် အကာအကွယ်ပေးရေးကို ဦးစားပေးသွားမည်ဟု စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။
ထို့အပြင် အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားသည့် နယ်မြေများတွင် ရွေးကွက်ပွဲ လုံးဝ ကျင်းပခြင်း မပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ပဲခူးနှင့် ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာ တိုင်းစစ်ဌာနများနှင့် လက်တွဲ ဖော်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည် မှန်းချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ စစ်ရေးလိုအပ်ချက်များကိုလည်း အတူတကွ ဖော်ဆောင်သွားမည်ဟု ဆိုသည်။
ယင်းအပြင် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက် သည့်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထူးတိုင်းစစ်ဌာနက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရေး၊ ထားဝယ်၊ ပဲခူးနှင့် ရန်ကုန်တို့တွင်လည်း နယ်မြေ စိုးမိုးနိုင်ရေးအတွက် စစ်ရေးဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မဲပလီဗျူဟာ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူး အပါအဝင် တပ်သား ၁၆ ဦးအား လက်နက်များနှင့် အလင်းဝင်ရန် စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ပဲခူးတိုင်း ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အားလည်း တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ကရင်နှင့် တနင်္သာရီတိုင်း ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စိ စခန်းများအားလည်း တိုက် ခိုက် သိမ်းပိုင်နိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာနယ်စပ်က စခန်းသိမ်းတိုက်ပွဲများ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လျက် ရှိသည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အထူးတိုင်း စစ်ဌာနအား ကရင်နှင့် မွန်ဒေသမှ PDF များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။
#အထူးတိုင်းစစ်ဌာနနယ်မြေ #ရွေးကောက်ပွဲ #လုံးဝကျင်းပခြင်းမရှိစေရ #ThanLwinKhetNews