ခင်သရဖီဦး
ဘင်္ဂလားဒေ့ချ်နိုင်ငံရေပိုင်နက်မှ ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်ပြီး ငါးခိုးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ချ် ငါးဖမ်းစက်လှေများအား အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးထားသည်ဟု စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။
အာရက္ခတပ်တော်၊ အာရက္ခကမ်းရိုးတန်းလုံခြုံရေးစစ်ကြောင်းအနေဖြင့် ရခိုင်ရေပိုင်နက်အတွင်းတွင် ငါးမဖမ်းရန် အကြိမ်ကြိမ် တားမြစ်ထားသော်လည်း ၎င်းတို့မှာ လိုက်နာမှုမရှိဟု ယနေ့ ထုတ်ပြန်သည့် ဗီဒီယိုတွင် AA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
”ဒီငါးဖမ်းသမားတွေကို ကျနော်တို့ အာရက္ခကမ်းရိုးတန်းလုံခြုံရေးစစ်ကြောင်း အာရက္ခတပ်တော်က အကြိမ်ကြိမ် တားဆီးမှုတွေ ပိတ်ပင်မှုတွေ ရှိပေမယ့် ဒီလူတွေဟာ လိုက်နာမှုမရှိ။ ကျွန်တော်တို့ ရေပိုင်နက်အတွင်းမှာ လာပြီးတော့ ငါးခိုးဖမ်းတယ်။ အဲဒါကြောင့် ဒီလူတွေကို ကျွန်တော်တို့ အာရက္ခဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်မှ ငါးဖမ်းသမာများသည် အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့မှ နေ့စဉ် ပင်လယ်အတွင်း ကင်းလှည့်နေသော်လည်း လက်ရှိအချိန်ထိ ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ငါးဖမ်းစက်လှေနှင့် ရေလုပ်သားများအား ဩဂုတ်လ ၃၁ ရက်တွင် AA မှ ဖမ်းဆီးထားပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ကော့ဘဇာခရိုင်ရှိ အုန်းကျွန်းကျေးရွာတွင် နေထိုင်သူများ ဖြစ်သည်ဟု သိရသည်။
AA က ဖမ်းဆီးထားသည့် စက်လှေ သုံးစီးတွင် ရေလုပ်သား စုစုပေါင်း ၁၈ ဦး ပါဝင်ပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ချ်အစိုးရမှ ရေပိုင်နက်ကျူးကျော်၍ ငါးဖမ်းခြင်းမပြုရန် တားမြစ်ထားသော်လည်း လက်ရှိအချိန်အထိ ငါးခိုးဖမ်းနေကြဆဲ ဖြစ်သည်ဟု အဆိုပါ ဗီဒီယိုဖိုင်တွင် AA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ချ်ဘက် ပင်လယ်ပြင်တွင် ငါးမရှိသောကြောင့် ရခိုင်ဘက်တွင် ငါးဖမ်းလာရခြင်းဖြစ်သည်ဟုလည်း ဖမ်းဆီးခံထားရသူများမှ ပြောသည်။
အဆိုပါ ငါးဖမ်းစက်လှေ သုံးစီးအား မောင်တောမြို့နယ် ဥဒေါင်းချောင်းဝ၏ အနောက်ဘက်ကမ်းခြေနှင့် မီတာ ၈၀၀ အကွာတွင် တစ်စီး၊ သာယာတောရွာပျက်၏ အနောက်ဘက်ကမ်းခြေနှင့်မီတာ ၃၀၀ ခန့် အကွာတွင် တစ်စီးနှင့် ဂြင်းတောချောင်းဝ အောက် မီတာ ၈၀၀ ခန့်အကွာတွင် တစ်စီး ဖမ်းမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
#ရခိုင် #ရေလုပ်သား #ငါးခိုးဖမ်းသည့်စက်လှေ #AA #ဖမ်းဆီး #ThanLwinKhetNews