ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အရက္ခတပ်တော်တို့ကြား ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံအများအပြားမှာ ယခင်ကတည်းက စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် စစ်ရှောင်အရေအတွက် ပိုမိုတိုးလာနိုင်သည်ဟု ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်မှစ၍ ကပ်သပြေ၊ ပြားတဲ၊ မီးကျောင်းတက်၊ သဖန်းခါး၊ သပြုတောင်၊ ကြပ်တိန် စသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်ဟု အသက် ၂၈ နှစ်အရွယ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “အခုက တိုက်ပွဲ ပိုပြင်းထန်လာတယ်။ ဒရုန်းတွေလည်း ဆက်တိုက်ဆိုသလို တက်တယ်။ နေဗီတွေ (ရေတပ်) ကလည်း လက်နက်ကြီးတွေ လှမ်းပစ်နေတာတွေရှိလာတော့ လူတွေက စိုးရိမ်တာပေါ့လေ။ ဆိုတော့ အဲဒီရွာနားက လူတွေက အကုန်လုံးနီးပါး စစ်ရှောင်ကြရတာပါ” ဟု ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့နယ်ရှိ လွတ်မြောက်နယ်မြေတချို့နှင့် ရမ်းဗြဲတို့တွင် အဓိက စစ်ဘေးရှောင်နေကြရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုများ ဆက်တိုက် ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“အဲဒီဘက်က ဒေသခံတွေမှာ စားဝတ်နေရေး အဆင်မပြေတာတွေလည်း များတယ်။ နောက်ပြီးတော့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတဲ့ ရွာတွေရှိနေတော့ သူတို့ကို အကူအညီပေးဖို့လည်း အများကြီးလိုအပ်နေတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့နယ်ရှိ သစ်ပုတ်တောင်၊ စိုင်းခြုံ၊ ကညင်တော၊ ကုလားဘာတောင်၊ ငလပွေ့၊ နှမ်းဖဲတောင်၊ ရှောက်ချောင်းကျေးရွာမှ ဒေသခံများမှာ အရင်ကတည်းက စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် စစ်ရှောင်ဦးရေ ငါးသောင်းခန့်အထိ ရှိလာနေကာ ဆက်လက်တိုးလာနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့သည် သစ်ပုတ်တောင်၊ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးတွင် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက်များ ရှိနေသည်ဟုလည်း သိရသည်။
#ကျောက်ဖြူဒေသခံ #စစ်ရှောင် #အရေအတွက်တိုးလာနိုင် #ThanLwinKhetNews