ခင်သရဖီဦး
မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် စစ်ကောင်စီက ကားများဖြင့် စစ်သား ၁၅၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းများဖြင့် အင်အားဖြည့်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်မှစ၍ စစ်ကား ၆၀ ကျော်ဖြင့် စစ်အင်အားဖြည့်နေခြင်းဖြစ်ကာ ယင်းစစ်ကားများမှာ ရခိုင်ဘက်သို့ စစ်ကြောင်းထိုးနိုင်သည့် အနေအထားရှိသည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“ကားတန်းတွေ မင်းဘူးဘက်ကနေ တက်လာတာ တွေ့ရတယ်။ စုစုပေါင်း ကားအစီးက ၆၀ ကျော်လောက် ပါတယ်။ တစ်ကားမှာ အနည်းဆုံး ၂၅ ယောက် ၃၀ လောက် ပါပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းစစ်ကြောင်းသည် (အမြှောက်စခန်းကွပ်ကဲမှု) မစက ၉၀၅ ဘက်မှဝင်ပြီး ရခိုင်ဘက်ကို အင်အားဖြည့်ကာ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အဲဒီစစ်ကြောင်းက မစက ၉၀၅ ဘက်က ဝင်ပြီးတော့မှ ရခိုင်ဘက်ကို အင်အားဖြည့်ပြီး ရခိုင်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့ အနေအထား ရှိတာပေါ့လေ။ ဝင်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်မှစတင်၍ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့မှာ နှစ်ဖက်အပြန်အလှန် ဒရုန်းများဖြင့် ပစ်ခတ်မှုများရှိနေခဲ့ပြီး စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးမှုများ ရှိနေသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ရခိုင်နယ်စပ်ရှိ ကြက်ရေစမ်းစခန်း၊ ပိန်းရေစမ်းကာကင်းစခန်း၊ ကမြင့်ကန်ကာကင်းစခန်း၊ တုံးကြီးကာကင်းစခန်းနှင့် ဂုတ်စီးရိုး ကာကင်းစခန်းများကို သိမ်းပိုက်ထားခြင်းဖြစ်သည်။
အေအေမှ ဆက်လက်သိမ်းပိုက်ရန် စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာကုန်းစခန်းတစ်ခုသာ ကျန်ရှိနေပြီး စစ်ကောင်စီက အဆိုပါဗျူဟာကုန်း မကျဆုံးစေရန် တပ်မ ၈၈၊ တပ်မ ၉၉ လက်အောက်ခံတပ်သားများနှင့် ပြည်သူ့စစ်မှုထမ်းတပ်သားများ အပါအဝင် အင်အားထောင်နှင့်ချီ ဖြည့်ပြီး ခုခံတိုက်ခိုက်နေခြင်းလည်းဖြစ်သည်။
#နတ်ရေကန် #စစ်ကောင်စီအင်အား၁၅၀၀ #ဖြည့်တင်း #ThanLwinKhetNews