နှောင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ရေး၊ ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် ပတ်သက်သည့် ကတိကဝတ်ပြုလွှာပါ အချက်အလက်များအား ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်က ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား လိုက်နာရမည်ဟု KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောသည်။
အဆိုပါ ကတိတဝတ်ပြုလွှာပါ အချက်များအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိ KNU ထိန်းချုပ်နယ်မြေများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အကြွင်းမဲ့ တားမြစ်ပိတ်ပင်ထားကာ ကျား/မ ခွဲခြားဆက်ဆံမှု ပြဿနာများ ပပျောက်စေရေးအတွက် ကြိုးစားသွားမည်ဟု ဆိုသည်။
ယင်းကတိကဝတ်ပြုလွှာအား Geneva Call အဖွဲအစည်းနှင့် ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ထိုအချိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဖိဖိစီးစီး လုပ်ကိုင်နေရခြင်းကြောင့် စာချုပ်ပါ အချက်အလက်များနှင့် လိုက်နာရန် စည်းမျဉ်းများအား အဖွဲ့ဝင်များကို မရှင်းပြနိုင်ခဲ့၍ ယမန်နေ့ စက်တင်ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ “ကတိခံထားတဲ့ ဟာကို အပျက်မခံဘူး။ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ တစ်ခုတည်း မဟုတ်ဘူး။ ကျား၊ မ ရေးရာခွဲခြားမှု အဲဒါလည်း လူမှုအဖွဲ့အစည်းမှာ တော်တော်လေး လုပ်ယူရတဲ့ အပိုင်းဖြစ်တယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်” ဟု ဖဒိုစောတောနီးက ပြောသည်။
အဆိုပါ ကတိကဝတ်စာချုပ်တွင် အချက်အလက်များစွာရှိသော်လည်း KNU အနေဖြင့် ကလေးစစ်သား မစုဆောင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ရေး၊ ကျား/မ ခွဲခြားဆက်ဆံမှုမပြုသည့် အချက် နှစ်ချက်ကို လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။
အကျဥ်းကျခံနေရသူများနှင့် အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ မတရားပြုကျင့်မှု သို့မဟုတ် နှောင့်ယှက်မှု ပုံစံအားလုံးမှ ကာကွယ်ရန် ဆိုသည့် အချက်အား ခေါင်းဆောင်များနှင့် ရဲဘော် ရဲဘက်များ အနေဖြင့် လိုက်နာရန် ညွှန်ကြားထားသည်။ ထို့အပြင် အရပ်သားများ၊ အကျဉ်းသားများ၊ တိုက်ပွဲနှင့် တိုက်ရိုက် ပါဝင်ခြင်းမရှိသူများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား မည်သည့်အခြေအနေတွင်မှ ကျူးလွန်ခြင်း မရှိစေရန် တင်းကြပ်စွာ ကန့်သတ်ထားမြစ်သည်ဟုလည်း ဆိုသည်။
အကြမ်းဖက်ခံရခြင်းမှ ရှင်သန်လွတ်မြောက်သူမျာအားလည်း ဆေးဝါးကုသခွင့်၊ နှစ်သိမ့်ဆွေးနွေးခွင့်၊ ဥပဒေရေးရာ အကူအညီနှင့် ရပ်ရွာလူမှုပတ်ဝန်းကျင်တွင် ပြန်လည် ဝင်ဆံ့စေရန် ခေါင်းဆောင်များအနေဖြင့် ကူညီဆောင်ရွက်ပေးရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ထမ်းခန့်အပ်မှုပိုင်းတွင်လည်း ခွဲခြားခြင်းမရှိစေဘဲ ဌာနများ၏ ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် နေရာများတွင် အမျိုးသမီးများ ပါဝင်မှုကို မြင့်တင်ရန်လည်း ညွှန်ကြားထားသည်။ အဆိုပါအချက်များအား KNU အဖွဲ့ဝင်များမှ ချိုးဖောက်ခြင်းနှင့် ကျူးလွန်ခြင်းများ ရှိခဲ့ပါက ချက်ချင်းစုံစမ်းစစ်ဆေးကာ ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။