ခင်သရဖီဦး
မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းနားတွင် သွားလာကာ အပြစ်မဲ့ပြည်သူများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီ စစ်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AA က ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ရာ သင်္ဘောမီးလောင်၍ ထွက်ပြေးသွားသည်ဟု AA မှ အတည်ပြုသည်။
ယမန့်နေ ဩဂုတ်လ ၂၉ ရက် ည ၅ နာရီခွဲခန့် အချိန်တွင် ကမ်းနှင့် မီတာ ၁၀၀၀၀ လောက်အကွာတွင်ရှိသည့် စစ်သင်္ဘော တစ်စီးအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
” မှန်ပါတယ်။ မနေ့က ည နေ ၅ နာရီခွဲလောက်မှာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စစ်သင်္ဘောကြီးတစီးကို ကမ်းနှင့် မီတာ ၁၀၀၀၀လောက်မှာ ကျနော်တို့ အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ထိမှန်ပြီး မီးလောင်ခဲ့တာရှိပါတယ်။ အခုအပစ်ခံရတဲ့ စစ်သင်္ဘောဟာ ကျောက်ဖြူ- ရမ်းဗြဲ တဝိုက်မှာ လှည့်ပတ်သွားလာနေပြီး အပြစ်မဲ့ပြည်သူတွေနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ အတွဲ လိုက်ဒုံးတွေနဲ့ ပစ်ခတ် ဒုက္ခပေးနေတဲ့ စစ်သင်္ဘောတစ်စီး ဖြစ်ပါတယ်။ ” ဟု ဆိုသည်။
ယင်းသင်္ဘောမှာ ကျောက်ကလေးကေးကျေးရွာကြားတွင် ကျောက်ဆွဲပြီး ယင်းအနီးအနားရှိ ကျေးရွာများအား ပစ်ခတ်နေသည့် သင်္ဘောတစ်စီးဖြစ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။
” အာရက္ခတပ်တော်က အမြောက်နဲ့ ပစ်လိုက်တဲ့အတွက် အဲဒီသင်္ဘောရဲ့ ပဲ့ပိုင်းမှာ ကျရောက် ပေါက်ကွဲပြီးတော့ မီးလောင်သွားတာဖြစ်ပါတယ်။ အဲဒီ သင်္ဘောကနေ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်မှုတွေရှိပါတယ်။”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ ကျောက်ဖြူမြို့နယ်အတွင်းတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဩဂုတ်လ ပထမပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
အာရက္ခ တပ်တော်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ခု နှစ်တွင်လည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီးနှင့် ဇက်သင်္ဘော (၁) စီးအား တိုက်ခိုက်နိုင်ခဲ့သည်။
ထို့အပြင် မင်းပြားမြို့နယ်၊ ပုလဲပေါက် တိုက်ပွဲနှင့် သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်လည်း စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
#မာန်အောင်ကျွန်း #စစ်သင်္ဘော #AA #ThanLwinKhetNews