မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံရပါက စစ်ကောင်စီထံတွင် တပ်သားအဖြစ် စုဆောင်းခံရခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း အမျိုးမျိုးကို ကြုံတွေ့နိုင်သောကြောင့် မြန်မာနိုင်ငံသားများအား ပြန်မပို့ရန် ထိုင်ဝမ်အစိုးရထံသို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၀ မှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု သိရသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ထိုင်ဝမ်အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ မြန်မာပြည်သူများ အန္တရာယ်ရှိသည့်အချိန်တွင် အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်း မခံရစေရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန်နှင့် နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပြုရန် တိုက်တွန်းသည်ဟု သွေးစွန်းငွေ Blood Money က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အိတ်ဖွင့်ပေးစာအား ထိုင်ဝမ်အခြေစိုက် Taiwan Association for Human Rights အဖွဲ့၊ Progressive Voice အဖွဲ့၊ ALTSEAN-BURMA အဖွဲ့၊ သွေးစွန်းငွေ Blood Money နှင့် အခြား ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတွင် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များမှ ပူးပေါင်း၍ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
စစ်ရေးအရ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံရသူများထဲမှ ရာပေါင်းများစွာသော လူငယ်များကိုလည်း တပ်သားသစ်များအဖြစ် အတင်းအဓမ္မ စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ် ICCPR နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့အား လက်မှတ်ရေးထိုးထားသည့် ထိုင်ဝမ်နိုင်ငံအနေဖြင့် စာချုပ်ပါ စည်းမျဉ်းများကိုလည်း လိုက်နာရန် လိုအပ်သည်ဟု အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။
စာချုပ်ပါ စည်းမျဉ်းများဖြစ်သည့် နိုင်ငံတကာဥပဒေအရ ညှင်းပန်းနှိပ်စက်ခြင်း (သို့) အသက်ဘေးအန္တရာယ် ရှိသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်ပို့ခြင်းမပြုရန် ထိုင်ဝမ်အစိုးရအနေဖြင့် တာဝန်ရှိသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
ထို့ကြောင့် ထိုင်ဝမ်အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေကို လိုက်နာပြီး ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားများအား ဥပဒေအရ အကာအကွယ်ပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၀ မှ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံသားများအား တရားဝင်မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ပြုခြင်း၊ ယာယီနေထိုင်ရန် စီစဉ်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြား အခြေခံလူ့အခွင့်အရေးများအား ရရှိစေရန် ထိုင်ဝမ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းထားချိန်မှ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးသူ ၃ ဒဿမ ၆ သန်းကျော်ရှိနေသည်။ လက်ရှိအချိန်အထိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၂၀၀၀ ကျော်အထိ ရှိသည်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီး ၂၀၂၄ ခုနှစ်မှ စ၍ လက်ရှိအချိန်အထိ တပ်သားသစ် ၇၀၀၀၀ ကျော်ကို စုဆောင်းထားနိုင်ပြီး ရှေ့တန်းစစ်မြေပြင်သို့ ဆက်တိုက်ပို့ဆောင်လျက်ရှိသည်။