ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင် နေထိုင်သည့် မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံမှ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းသည် အရေးကြီးသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး ဒုက္ခသည်များအတွက် ကာကွယ်စောင့်ရှောက်မှုနှင့် ကိုယ်အားကိုယ်ကိုးနိုင်ရေးအတွက် အဓိက ခြေလှမ်းတစ်ရပ်ဖြစ်သောကြောင့် အသိအမှတ်ပြုသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပြန်လိုက်သည်။
UNHCR ၏ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Tammi Sharpe က “အချိန်အကြာကြီး ခိုလှုံနေရတာဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ စောင့်ဆိုင်းမှုတစ်ခုလို ခံစားခဲ့ရပါတယ်။ ဒီနေ့ကတော့ အလှည့်အပြောင်းတစ်ခုပါပဲ။ ဒီမူဝါဒပြောင်းလဲမှုနဲ့အတူ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံတာကို ဒုက္ခသည်တွေ၊ လက်ခံထားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတစ်ခုလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အင်ဂျင်တစ်ခုအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုထားသည်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများတွင် နေထိုင်သူများထဲမှ အလုပ်လုပ်ကိုင်နိုင်သူ ၄၂၀၀၀ ခန့်အား တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့အား စခန်းအပြင်ဘက်တွင်ပါ သွားလာနေထိုင်ခွင့်ပြုသွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား လိုအပ်ချက်နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများ ဖြစ်ကြသည့် မဲဟောင်ဆောင်၊တာ့ခ်၊ ကန်ချနာပူရီနှင့် ရတ်ချပူရီပြည်နယ် လေးခုတွင် ရှိသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား စခန်းပြင်ပတွင် တရားဝင် အလုပ်လုပ်ကိုင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၅ ဩဂုတ် ၁၅ ရပ်တွင် နောက်ဆုံးကောက်ယူထားသည့် စာရင်းများအရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာလူမျိုး ဒုက္ခသည် စုစုပေါင်း ၇၇၀၀၀ ကျော် နေထိုင်သည်ဟု သိရသည်။
အဆိုပါ စခန်းများထဲတွင် နေထိုင်သူ အများစုသည် ဆယ်စုနှစ် တစ်စုကြာ နေထိုင်သူများဖြစ်ပြီး လက်ရှိလူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် စခန်းထဲတွင် မွေးဖွားကြသူများ ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဩဂုတ်လမှ စ၍ ဒုက္ခသည်စခန်းများတွင် ပုံမှန်ပေးနေသည့် လူသားချင်းစာနာမှု အကူအညီများ အားလုံးရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒုက္ခသည်စခန်းတွင်း နေထိုင်သူများက တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် တောင်းဆိုမှုများ ရှိခဲ့သည်။
လက်ရှိတွင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအနေဖြင့် အလုပ်လုပ်ကိုင်လိုပါက စခန်းထဲမှ ထွက်ခွာခွင့် လျှောက်ထားရန် လိုအပ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ၊ လူမှုဖူလုံးရေး၊ ကျန်းမာရေးအာမခံများ ပြုလုပ်ရန် လိုအပ်သည်ဟု သိရသည်။
ထို့အပြင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားရာတွင်လည်း တစ်နှစ်သက်တမ်း ပထမဆုံး တကြိမ်အတွက် အခကြေးငွေ ကင်းလွတ်ခွင့်ပြုထားသည်ဟု သိရသည်။
၎င်းတို့သည် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မပြုသည့် ကန့်သတ်လုပ်ငန်းများမှ လွဲ၍ အခြားလုပ်ငန်းများအား ကျန်လုပ်ငန်းများ အားလုံးကို လုပ်ကိုင်နိုင်မည် ဖြစ်သည်။
#မြန်မာဒုက္ခသည် #တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြု #ThanLwinKhetNews