ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဗုံးကြဲခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသူများထဲမှ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခြင်းကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၄ ဦး အထိ ရှိနေပြီဖြစ်သည်ဟု မြောက်ဦးဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်အချိန်တွင် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ အား ဗုံး နှစ်လုံး ကြဲချခဲ့သည့်အတွက် ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခန့်အချိန်တွင် ထပ်မံသေဆုံးခဲ့သည်ဟု အသက် ၂၂ နှစ်အရွယ် မြောက်ဦးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
”အယောက် ၂၀ ထဲက ဒဏ်ရာ ပြင်းထန်တဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်မံပြီး သေဆုံးသွားတာပါ။ ဒဏ်ရာ ရတာက တအားများတော့ အခုလိုဖြစ်သွားတာပါ။ အဲဒီထဲက နောက်ထပ် သုံးယောက်ကလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် စိုးရိမ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူများမှာ ဒိုင်းကျီရပ်ကွက်မှ အသက် ၃၂ နှစ် အရွယ် ဒေါ် အေးစန္ဒာနှင့် အသက် ၄ နှစ် အရွယ် မောင်အောင်အောင်တို့ဖြစ်သည်။ ထို့အပြင် ဆေးကုသမှုခံယူနေသူများထဲမှ အသက် ၁၈ နှစ် အရွယ် မလင်းလင်းဦး၏ ခြေထောက် ဒဏ်ရာသည် ပြင်းထန်သည့်အတွက် ဖြတ်တောက်ရမည့် အခြေအနေတွင် ရှိနေသည်ဟုလည်း အဆိုပါ အမျိုးသမီးမှ ပြောသည်။
လက်ရှိတွင် ဗုံးကြဲခံရသည့် ဒိုင်းကျီရပ်ကွက်တွင် နေထိုင်သူများအနေဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေလျက်ရှိသည်ဟု အသက် ၂၄ နှစ်အရွယ် မြောက်ဦးမြို့ခံတစ်ဦးကဆိုသည်။
”ပြောရမယ်ဆိုရင် အိမ်တွေက အကုန်ရစရာ မရှိအောင် ပြိုပျက်သွားတာပေါ့လေ။ သူတို့အတွက် ဘာဆိုဘာမှ မကျန်ခဲ့တာပါ။ ဆိုတော့ အဲဒါတွေကို အကူအညီပေးဖို့ လိုပါတယ်။ ပြောရမယ်ဆိုရင် အဲဒီရပ်ကွက်က အခြေခံလူတန်းစားတွေနေကြတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ဆိုတော့ ပိုပြီးခက်ခဲကြတာပါ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်တွင် ယခု ရက်ပိုင်းအတွင်းတွင် ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးတို့တွင် လေကြောင်းမှလည်းကောင်း လက်နက်ကြီးများဖြင့်လည်းကောင်း နေ့စဉ်ရက်ဆက် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံတချို့မှာ ဘေးလွတ်ရာသို့ ရှောင်နေကြရသည်။