ပြည်တွင်းတွင် ကုန်ထုတ်လုပ်မှု တိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန် ရည်ရွယ်သည်ဟု အကြောင်းပြကာ မြန်မာပြည်ထဲသို့ ကုန်စည်များ တင်သွင်းခွင့်အား စစ်ကောင်စီမှ ကန့်သတ်လိုက်ခြင်းကြောင့် ကုန်စည်ဒိုင်များ စုဝေးရာ ရန်ကုန်တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသည်ဟု ဒေသခံများမှ ပြောသည်။ “ထိုင်းပစ္စည်းတွေက တစ်ရက် နှစ်ရက်အတွင်းမှာကို ချက်ချင်းခုန်တက်သွားတာ။
အရင်လိုတော့ အလုအယက် မဝယ်နိုင်တော့ ဈေးကွက်ထဲမှာတော့ ဝယ်လို့ရသေးတယ်”ဟု တောင်ဥက္ကလာတွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ ထိုင်းနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းများ တင်သွင်းခွင့်အား ယခုလလယ်ပိုင်းမှ စ၍ ရပ်ဆိုင်းလိုက်သောကြောင့် ဈေးကွက်အတွင်းတွင် လက်ကျန်ကုန်များရှိသော်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။ သာကေတမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “မိုင်လိုအအေးဗူးတွေ ဝယ်မရတော့ဘူး။ KitKat ချောကလက်ထုတ်တွေ ဝယ်မရတော့ဘူး။ ခေါက်ဆွဲဗူးတွေလည်း ဝယ်မရတော့ဘူး”ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်း အချို့မြို့နယ်များတွင်တော့ လက်ရှိဈေးကွက်ထဲ ထိုင်းကုန်ပစ္စည်းများ ပြတ်တောက်နေပြီး ရှိသည့် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်မားနေသည်ဟု သိရသည်။ ထိုင်းမှ တင်သွင်းသည့် Nescafe တစ်ဗူးကို ယခင်က ၃၈၀၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူနိုင်သော်လည်း ယခု တစ်ဗူးလျှင် ၄၅၀၀၀ ကျပ်အထိ ပေးနေရသည်ဟု သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံထုတ် ပဲပိစပ်ဟင်းချက်ဆီ တစ်လီတာ တစ်ဗူးကို ယခင်က ကျပ် ၇၅၀၀ သာ ပေးရသော်လည်း လက်ရှိတွင် ၁၁၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။ နို့မှုန့်ဈေးနှုန်းများမှာလည်း ယခင် ကျပ် ၁၀၀၀၀ ဝန်းကျင်မှ ယခု ကျပ် ၁၇၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ ထို့ကြောင့် ထိုင်းနှင့်တရုတ်ဘက်မှ တင်သွင်း ကုန်စည်များမှာ ၂၀ ရာခိုင်နှုန်းနှင့်အထက် ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
ထို့အပြင် ဟင်းခတ်မှုန့် ဖြစ်သည့် အချိုမှုန့်ဈေးများမှာလည်း မြင့်တက်သွားပြီး ဈေးကွက်တွင်ပင် ဝယ်ယူမရသည့် အခြေအနေဖြစ်နေသည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။ ၎င်းက “ကော်ဖီကြိုက်တော့ ကော်ဖီနဲ့ နို့မှုန့်လေးတော့ ဝယ်ထားလိုက်တယ်။ ဘာမှလည်း ဝယ်မစုဖြစ်တော့ဘူး။ ဝယ်စုထားမယ်ဆိုလည်း ဒီကုန်ဈေးနှုန်းနဲ့ အများကြီး မစုထားနိုင်ဘူးလေ” ဟု ပြောသည်။
လက်ရှိ ပြည်တွင်းတွင် ထုတ်လုပ်သည့် စားသောက်ကုန်များနှင့် လူသုံးကုန်များကိုသာ အားထား၍ သုံးစွဲနေရပြီး ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများအား လုံးဝပိတ်လိုက်ပါက အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများ ဈေးကွက်ထဲတွင် ပျံ့နှံ့လာမည်ကို စိုးရိမ်သည်ဟု ပြည်တွင်း နေထိုင်သူများက ဆိုကြသည်။ ယခုလလယ်မှ စတင်၍ ထိုင်းဘက်ခြမ်းမှ ဝင်ရောက်လာမည့် ကုန်ကားများအား မြန်မာဘက်ခြမ်းမှ ဝင်ခွင့် မပြုတော့သောကြောင့် ကုန်ကား ရာချီပိတ်မိနေသည်။
အဆိုပါ ကုန်ကားများအား ဝင်ရောက်ခွင့်ပြုရန် နှစ်ဖက် တာဝန်ရှိသူများမှ ညှိနှိုင်းမှုများရှိခဲ့သော်လည်း တစ်စုံတစ်ရာ ပြေလည်မှုမရှိခဲ့ပေ။ လက်ရှိတွင် နယ်စပ်လမ်းကြောင်းနှင့် လေယာဉ်ဖြင့် ကုန်ပစ္စည်းတင်သွင်းခြင်းများ လုံးဝရပ်ဆိုင်းထားရပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်ခွင့်တစ်ခုတည်းသာ ခွင့်ပြုထားသည်။
ထို့အပြင် နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ကားများအားလည်း ဖမ်းဆီးလျက်ရှိပြီး ဩဂုတ်လ ၁၅ ရက်မှ ၂၅ ရက်အထိ လိုင်စင်လျှောက်ထားခြင်းမရှိဘဲ တင်သွင်းလာသော ကျပ် သိန်းပေါင်း ၃၃၇၀၀ ကျော် တန်ဖိုးရှိသည့် ကုန်ပစ္စည်းများ သိမ်းဆည်းရရှိထားသည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။